နေပြည်တော်၊ ဇန်နဝါရီ(၇)

ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ဖွဲစည်းပုံအခြေခံဥပဒေထဲက အခြေခံကျတဲ့ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့ဆိုပြီး စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အပစ်ရပ်မထိုးထားတဲ့ EAOs သုံးဖွဲ့တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဇန်နဝါရီ ၅ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အပစ်ရပ်မထိုးထားတဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၅ ရက်နေ့ကစပြီး စစ်ကောင်စီငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီနဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေကြတာပါ။ဆွေးနွေးပွဲမှာ အကြောင်းအရာ၊ အစီအစဉ်တွေကို နှစ်ဖက်ညှိနှိုင်းပြီး ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်တွေအရ အခုတတိယအကြိမ်မှာ ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိတဲ့ကိစ္စရပ်တွေနဲ့ အဖွဲ့အသီးသီးရဲ့ နိုင်ငံရေးလိုလားချက်တွေကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစိုင်းဆုက ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးတစ်ရက် ကျန်ရှိနေသေးတဲ့အတွက် မူကြမ်းတွေကိုသာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး ဆုံးဖြတ် ချက်မကျသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆွေးနွေးတယ်ဆိုတာ ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီနဲ့ ပြောချင်တာပေါ့။ တပ်မတော်ကျတော့ ဒီမိုကရေစီဖက်ဒရယ်။ ကျွန်တော်တို့ကျတော့ ဖက်ဒရယ်ကို အရင်ဖော်ဆောင်ပြီးတော့ ဒီမိုကရေစီကို သွားမှာပေါ့။ တပ်မတော်ကျတော့ ဒီမိုကရေစီဖော်ပြီးမှပဲ ဖက်ဒရယ်သွားမယ်။ ဒါတော့ နည်းနည်းကွဲလွဲတာပေါ့။ ပြန်ကြားရေးဌာနကတော့ သူတို့အတိုင်း ထုတ်ပြန်တာပေါ့။ ဒါပေမယ့် အစည်းအဝေးဆုံး ဖြတ်ချက်တွေက မကျသေးပါဘူးခင်ဗျ”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒီနှစ်ရက်တာဆွေးနွေးမှုမှာ ပြီးခဲ့တဲ့ ဒုတိယအကြိမ်ဆွေးနွေးမှုတုန်းက ဆွေးနွေးခဲ့ကြတဲ့ တစ်ဖွဲ့ချင်းစီရဲ့ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေးစတာတွေကို အကောင်အထည်ဖော်နိုင်မှုကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာလည်းရှိတယ်လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းဆုက ဆက်ပြောပါတယ်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဟာ ပြီးခဲ့တဲ့နှစ် မေလနှောင်းပိုင်းမှာ စစ်ခေါင်းဆောင်ဖိတ်ခေါ်ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပထမအကြိမ်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ကျန်ရှိတဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA/မိုင်းလား)ကတော့ ဇွန်ပထမအပတ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကတော့ ဩဂုတ်ပထမအပတ်တို့မှာ တက်ရောက်ဆွေးနွေးထားကြတာပါ။

အဲဒီအပစ်ရပ်မထိုးထားတဲ့ သုံးဖွဲ့က ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယအကြိမ် စုပေါင်းတွေ့ဆုံခဲ့ကြပြီး ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP) က ဗမာပြည်နယ်ဖွဲ့စည်းရေးအပါအဝင် အခြေခံဥပဒေပြင်ဆင်ရေး၊ ရှမ်းပြည် နယ်ဖွဲ့စည်းပုံရေးဆွဲရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ကိစ္စရပ်တွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင်က ဗမာပြည်နယ် ဖွဲ့စည်းရေးတင်ပြချက်အပေါ် ငြင်းဆန်လိုက်တယ်လို့ SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစိုင်းဆုက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီနှောင်းပိုင်းမှာ စစ်ကောင်စီ စတင်ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထိုးထားတဲ့ EAO ၇ ဖွဲ့နဲ့ မထိုးထားတဲ့ EAO ၃ ဖွဲ့တို့က စက်တင်ဘာနှောင်းပိုင်းအထိ ၂ ကြိမ်တိတိ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဒီဇင်ဘာနှောင်းပိုင်းမှာတော့ အပစ်ရပ်ထိုးထားတဲ့ EAO ၅ ဖွဲ့က တတိယအ ကြိမ် ထပ်မံဆွေးနွေးထားပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.