မော်လမြိုင်၊ ဇန်နဝါရီ(၇)
လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ မွန်ပြည် နယ်ရဲ့ မြို့တော်မော်လမြိုင်မှာတော့ ဘား၊ ကလပ်တွေနဲ့ စည်ကားလာတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ဘား၊ ကလပ်တွေမရှိခဲ့တဲ့ မော်လမြိုင်မြို့မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ဘား၊ ကလပ်တွေ အလျှိုလျှိုပေါက်ပေါ်လာတာပါ။
စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့မှာ သူတို့နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံလိုတဲ့သူတွေကို ဘား၊ ကလပ် ဖွင့်လှစ်လုပ်ကိုင်ခွင့်တွေကို အဆက်မပြတ်ချပေးနေတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မှာ ဘား၊ကလပ် (၁၀)ခုထက်မနည်း အသစ်ဖွင့်လှစ်ထားပြီး နေ့စဉ်လူငယ် Dj သမားတွေနဲ့ ဖျော်ဖြေတာတွေရှိသလို နာမည်ကြီးအဆိုတော်တချို့ကလည်း မကြာခဏလာရောက် ဖျော်ဖြေနေတာပါ။
မွန်လူငယ်တစ်ဦးကတော့ စစ်ကောင်စီက ဘား၊ကလပ်တွေ ဖွင့်လှစ်ခွင့်ပေးတာဟာ မွန်ပြည်နယ်မှာ ဘာမှမဖြစ်သလို ပုံစံမျိုးဖြစ်အောင် ဖန်တီးနေတာဖြစ်ကြောင်းနဲ့ လက်ရှိနိုင်ငံရေးဟာ တော်လှန်ရေး အနေအထားပဲရှိသေးတာကြောင့် မသွားသင့်ဘူးလို့ ပြောပါတယ်။
“သူတို့ မွန်ပြည်နယ်ကို ဘာမှမဖြစ်သလို သူတို့လုပ်နေတာပေါ့နော်။ Bar ဖွင့်ဖို့အတွက်တော့ သူတို့နဲ့ အဆက်အသွယ် ရှိတဲ့သူမှဘဲဖွင့်လို့ရတဲ့အနေအထား ဖြစ်နေတာပေါ့နော် ဒီအချိန်။ အဲဒါကြောင့် သူတို့နဲ့လက်တံမကင်းဘူးလို့ မြင်တယ်။ နောက်တစ်ခုက လူငယ်အများစုကလည်း ကလေးတွေဖြစ်နေကြတာ များတာပေါ့နော်။ အဓိက တက္ကသိုလ်ဖွင့်နေတယ်ဆိုတော့ အများစုဆိုတာက ကလေး။ ပြီးတော့ ဒီအချိန်မှာ မော်လမြိုင်မှာ ဘာမှမဖြစ်တဲ့အနေအထား အခြေအနေရှိတယ်ဆိုတော့ သူတို့အတွက်တော့ အခွင့်ကောင်း ဖြစ်သွားတာပေါ့နော်။ အဓိက ကျွန်တော်တို့ မွန်ဆိုရင် မွန်လူငယ်တွေကလည်း ကိုယ့်အမျိုးသားရေး တာဝန်သိဖို့အတွက်ပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ မွန်လူငယ်အများစုက တော်လှန်ရေးကို နားယဉ်နေကြပြီပေါ့နော်။ အဲဒါကြောင့် အချို့မြင်နေကြတာ လူစုပြီးတော့ Bar သွားကြမယ်။ အဲဒီထဲမှာ မိန်းကလေးတွေလည်းပါတာများတာ တွေ့တယ်။ အခုကတော့ နိုင်ငံရေးဟာ တော် လှန်ရေးအနေအထားပဲ ရှိနေတယ်ဆိုတော့ မသွားသင့်သေးတဲ့ အနေအထားလို့ မြင်တာပေါ့နော်”လို့ ဆိုပါတယ်။
မော်လမြိုင်မြို့က ဘား၊ကလပ်တွေဟာ နေ့၊ညဆိုပြီး အချိန်ခွဲပြီး ဖွင့်လှစ်တဲ့အထိ လာရောက်သူတွေ များပြားနေသလို စနေနေ့နဲ့ တနင်္ဂနွေနေ့မှာဆိုရင် ဘား၊ကလပ် ပြည့်လျှံတဲ့အထိ စည်းကားနေတာပါ။
မွန်လူငယ်တစ်ဦးကလည်း စစ်ကောင်စီက မော်လမြိုင်မြို့ကို ငြိမ်းချမ်းသယောင်ပြုလုပ်နေပြီး ဒေသခံလူငယ်အများစုဟာ စစ်ကောင်စီရဲ့ အာရုံလွဲတဲ့ပျော့ကွက်ထဲကို နစ်ဝင်နေတာကြောင့် တခြားတိုင်းနဲ့ပြည်နယ်တွေကို အားနာသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။
“မော်လမြိုင်မှာက ပုံမှန်အတိုင်းဖြစ်နေတာကြာပြီ။ ကျန်တဲ့တခြားသော ပြည်နယ်တွေနဲ့ ယှဉ်လို့ရှိရင် မွန်ပြည်နယ်က မော်လမြိုင်က စစ်လည်းမဖြစ်ဘူး။ ဘာမှ မဖြစ်ဘူးပေါ့နော်။ တကယ်ငြိမ်းချမ်းသယောင် ဆောင်တယ်။ စစ်တပ်ကလည်း အဲဒါကို လိုချင်တယ်။ ဆိုတော့ စစ်တပ်ကလည်း အဲဒီလိုဟာမျိုးလုပ်လို့ရဖို့အတွက်ကို ပွဲတွေတစ်ခုပြီးတစ်ခု လုပ်တယ်။ အဲဒီမှာ လူငယ်တွေကလည်း သွားပါတယ်ပေါ့နော်။ လူငယ်ထုရဲ့ အင်အားတစ်ခုလုံးကလည်း ပါမလာတော့ ဘူးပေါ့နော်။ လက်ရှိဖြစ်နေတဲ့ တော်လှန် ရေးကာလမှာ ဒီလူငယ်တွေအနေနဲ့ စကစရဲ့အာရုံလွဲတဲ့ ပျော့ကွက်ထဲကို တဖြည်းဖြည်းတော့ နစ်ဝင်သွားတယ်လို့ ပြောလို့ရတယ်။ ကြာလာတော့ တော်လှန်ရေးလုပ်နေတဲ့ သူတွေကပဲ အပြစ်ဖြစ်သယောင် ဖြစ်လာတယ်။ လူငယ်တွေအနေနဲ့ကတော့ တခြားသောတိုင်းတွေ၊ ပြည်နယ်တွေကို ကြည့်ပြီးတော့ အားနာသင့်တယ်ပေါ့နော်”လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံအတွင်းရှိ နေရာတော်တော်များများမှာ စစ်အာဏာရှင် ကျဆုံးရေးအတွက် လူငယ်အများစု တိုက်ပွဲဝင်နေတာ ဖြစ်တာကြောင့် ဒေသခံလူငယ်တွေအနေနဲ့ အပျော်အပါးကိုလျော့ပြီး တော်လှန် ရေးမှာ အာရုံစိုက်စေချင်တယ်လို့ သူကဆိုပါတယ်။
မော်လမြိုင်မြို့အတွင်းက ဘား၊ကလပ်တွေကို တော်လှန်ရေးအင်အားစုတွေကလည်း မကြာခဏ မိုင်းခွဲသတိပေးတာတွေ လုပ်ဆောင်ပေမယ့် ဘား၊ကလပ်တွေမှာ လာရောက်သူ အမြဲမပြတ်စည်းကားနေဆဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်