သထုံ – ဇန်နဝါရီ(၆)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ဇန်နဝါရီ ၅ ရက်နေ့ ည ၁၀ နာရီလောက်က သီဟမင်း ခရီးသည်တင်မှန်လုံယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်ဘက်သို့ မောင်းနှင်းလာတဲ့ သီဟမင်း ခရီးသည်တင်မှန်လုံယာဉ်ဟာ ကမာစိုင်ကျေးရွာအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

ခရီးသည်တင်ကား မိုင်းဆွဲခံရတာကြောင့် ယာဉ်မောင်းဖြစ်သူရဲ့ မျက်လုံးနဲ့မျက်နှာတွေမှာ မှန်ကွဲစနဲ့ပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့သလို ယာဉ်နောက်လိုက်မှာလည်း မျက်နှာနဲ့လက်တွေမှာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

သီဟမင်း ခရီးသည်တင်မှန်လုံယာဉ်မှာတော့ ခရီးသည် ၃ ဦး လိုက်ပါခဲ့ပြီး မိုင်းဆွဲခံရပြီးနောက် ခရီးသည်တစ်ဦးက ကြောက်လန့်ပြီး ထွက်ပြေးသွားတဲ့အတွက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ခရီးသည်တင်ကား မိုင်းဆွဲခံရတာကြောင့် ကားထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်တွေကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

ခရီးသည်တင်ကား မိုင်းဆွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ရန်ကုန်ကနေ မော်လမြိုင်ကို မောင်းလာတဲ့ ရွှေဝယ်မင်း ခရီးသည်တင်ယာဉ်ဟာ ရွှေရောင်ပြကျေးရွာနဲ့ကမာစိုင်ကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.