ချင်းမိုင် – ဇန်နဝါရီ(၅)
မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့ကိစ္စတွေကို ဒီနေ့ ဇန်နဝါရီလ(၅) ရက်နေ့ကစပြီး ခေတ္တရပ်နားထားမယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။
မူလရက်ချိန်းရရှိထားသူတွေကတော့ လက်မှတ်ရရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ အချက်အလက်တွေ ကို ရယူထားဖို့ ရက်ချိန်းတွေအတိုင်းလာရောက်နိုင်တယ်လို့ ဆိုထားပါတယ်။
နိုင်ငံကူးလက်မှတ်တွေထုတ်ပေးဖို့ ဘယ်နေ့မှာ ပြန်လည်ဖွင့်လှစ်ပေးမယ်ဆိုတာ အတိအကျဖော်ပြထားတာမရှိဘဲ ထပ်မံ အသိပေးမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန််နဝါရီလ(၂) ရက်နေ့က ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးတာကို နည်းပညာအဆင့်မြှင့်တင်ဖို့ဆိုပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားပါသေးတယ်။
နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေကို အရင်က အွန်လိုင်း Booking စနစ်နဲ့ ရန်ကုန်ရုံးမှာ လျှောက်ထားရပေမယ့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ ရပ်နားခဲ့ပြီး Booking QR Code ရရှိထားသူတွေကိုသာ ဆက်လက်လုပ်ဆောင်ပေးသွားတော့မှာဖြစ်တယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက အသိပေးထားပါတယ်။
ထိုင်းနိုင်ငံမှာ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ကျောင်းတက်နေသူတွေအတွက် နိုင်ငံကူးလက်မှတ် လုပ်ပေးတာနဲ့ သက်တမ်းတိုးတာတွေကို နေရာသုံးနေရာခွဲပြီး လုပ်ပေးနေတာဖြစ်ပြီး အဲဒီထဲမှာ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးလဲ အပါအဝင်ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်