ဒီးမော့ဆို – ဇန်နဝါရီ(၅)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုကို ပြီးခဲ့တဲ့ စစ်ကောင်စီပစ်ခတ် လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃) ရက်နေ့ ည(၇) နာရီဝန်းကျင်က ဒီးမော့ဆို အနောက်ခြမ်း ထွီးဆို (ထုံးကျောက်တောင်) စစ်ရှောင်စခန်းပေါ်ကို စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး (၂) လုံးကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျည်ဟာ စစ်ရှောင်စခန်းထဲက တဲအပေါ်တည့်တည့် ကျရောက်ခဲ့တာကြောင့် တဲထဲမှာ နေတဲ့ အသက်(၅၈) နှစ်အရွယ် ဒေါ်စူးမြာ ဆိုသူ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဒီးမော့ဆိုမြို့က စစ်ရှောင်စခန်းတွေနဲ့ ကယားပြည်နယ် ထဲက ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာ တွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း စစ်ကောင်စီတပ်တွေရဲ့ ဒေါနိုကူးကျေးရွာထဲကို ပစ်ခတ်လိုက် တဲ့ လက်နက်ကြီးကျည်ဟာ မူကြိုကျောင်းပေါ်ကျရောက်ခဲ့လို (၅) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးထားပါသေးတယ်။

ဒါ့အပြင် ဒီးမော့ဆို မြို့နယ်ကို စစ်ကောင်စီက ဒရုန်းအသုံးပြုပြီး တိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ပြုလုပ်လာတဲ့ အတွက် ပြည်သူတွေထိခိုက်မှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းကာလအတွင်း ကယားပြည်နယ်ကို လေကြောင်း တိုက်ခိုက်မှု အကြိမ်(၂၀၀) နီးပါး ပြုလုပ်ခဲ့ပြီး လက်နက်ကြီးတွေလည်း နေ့စဉ်ပြုလုပ်နေတာကြောင့် အရပ်သား ပြည်သူ (၄၁၉) ဦးသေဆုံးထားတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Karenni’s Voice

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.