ဆိုးလ်၊ ဒီဇင်ဘာ(၅)

ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိထားတဲ့ တရုတ်နိုင်ငံသား ခရီးသည်တစ်ဦးကို ကွာရန်တင်းထားဖို့ စောင့်ဆိုင်း နေချိန်မှာ ပျောက်ဆုံးသွားတာကြောင့် တောင်ကိုရီးယားအာဏာပိုင်တွေ ရှာဖွေနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နှောင်းပိုင်းမှာ ဆိုးလ်မြို့အနီးရှိ အင်ချွန်းနိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်လာတဲ့ အဲဒီခရီးသွားကို ရောဂါပိုးရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီးတဲ့နောက် အနီးဆုံး ဟိုတယ်တစ်ခုမှာ ကွာရန်တင်း ထားဖို့ လွှဲပြောင်းနေချိန်မှာပဲ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေ ပြောကြားခဲ့တာပါ။

အမည်ဖော်ပြမထားတဲ့ အဲဒီတရုတ်နိုင်ငံသား ခရီးသွားကို အလိုရှိစာရင်းမှာ ထည့်သွင်းထားခဲ့ပြီး သူဟာ ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးမူဝါဒကို ချိုးဖောက်တဲ့အတွက် ထောင်ဒဏ်တစ်နှစ် နဲ့ ငွေဒဏ် အမေရိကန်ဒေါ်လာ ၇၈၄၀ အထိ ချမှတ်ခံရနိုင်တယ်လို့ကျန်းမာရေး အာဏာပိုင်ကင်မ်ဂျိုယွန်းက ပြောကြား ခဲ့ပါတယ်။

“အဲဒီပုဂ္ဂိုလ်ကို အချိန်အတိုင်းအတာတစ်ခုအထိ နိုင်ငံအတွင်းဝင်ရောက်ခွင့် ပိတ်ပင်သွားမှာ ဖြစ်ပြီး ပြည်နှင်ဒဏ်ပေးသွားမယ်” လို့ကင်မ်က မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

ကိုဗစ် ဇီးရိုးမူဝါဒကို တရုတ်အစိုးရက ဖြေလျှော့ကြောင်း ကြေညာပြီးနောက် ရောဂါကူးစက်မှုတွေ တကျော့ ပြန်ဖြစ်ပွားလာမှာကို စိုးရိမ်တဲ့နိုင်ငံတချို့က ကန့်သတ်ချက်တွေကို ပြန်လည်ချမှတ်ခဲ့ကြပါတယ်။

အဲဒီလိုလုပ်ဆောင်တဲ့နေရာမှာ တောင်ကိုရီးယားနိုင်ငံလည်း ပါဝင်လာခဲ့သလို တရုတ်နိုင်ငံသား ဆိုက်ရောက် ခရီးသွားတွေအနေနဲ့ မဖြစ်မနေကိုဗစ်စစ်ဆေးရမှာဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရက ကြေညာခဲ့ပါတယ်။

အခုသီတင်းပတ်ကနေ စတင်ပြီး တရုတ်နိုင်ငံကနေ တောင်ကိုရီးယားကို လာရောက်မယ့်သူတွေဟာ PCR စစ်ဆေးမှုကို ခံယူရမှာဖြစ်ပါတယ်။ ဇန်နဝါရီလ ၂ ရက်ကနေစတင်ကာ တောင်ကိုရီးယားနိုင်ငံကို ဆိုက်ရောက် လာတဲ့ တရုတ်ခရီးသွားဦးရေဟာ ၂၁၈၉ ဦးအထိ ရှိတယ်လို့လည်း သိရပါတယ်။

အခုအချိန်အထိ ဓါတ်ခွဲစစ်ဆေးမှု ၅၉၀ မှာ လူ ၁၃၆ ဦး ဒါမှမဟုတ် ၂၂.၇ ရာခိုင်နှုန်းဟာ ကိုဗစ်ကူးစက်ခံ ထားရကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်အေဂျင်စီက ပြောကြားထားပါတယ်။

အဲဒီပျောက်ဆုံးနေတဲ့ တရုတ်အမျိုးသားကိစ္စဟာ ရောဂါပိုးကူးစက်ခံထားရတဲ့ ခရီးသွားတွေကို ထိန်းချုပ်ပြီး စီမံခန့်ခွဲဖို့ လုပ်ဆောင်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စနစ်နဲ့ ပတ်သက်လို့ မီဒီယာတွေမှာ မေးခွန်းထုတ်ပြော ဆိုမှုတွေ ရှိလာစေခဲ့ပါတယ်။
Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.