၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုဟာ မကြာခင်ကာလမှာ ၂ နှစ် ပြည့်မြောက်တော့မှာ ဖြစ်သလို ကုန်ဆုံးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ဆိုးဝါးလှတဲ့ သမိုင်းမှတ်တမ်းဆိုးတွေနဲ့ ကျန်ရစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံသားတစ်ဦးရဲ့ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးတွေ လုံးဝဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့ရသလို ဘဝရပ်တည်ရှင်သန်ဖို့ မျှော်လင့်လို့ မရတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာပါ။ အလားတူ ၂၀၂၂ ခုနှစ်မှာလည်း အဲဒီအခွင့်အရေးတွေကို ဆုံးရှုံးသထက် ဆုံးရှုံးလာနေတဲ့အတွက် အဆိုးဝါးဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပြန်ပါတယ်။

အဆိုးဝါးဆုံးနှစ်တစ်နှစ်အဖြစ် သက်ရောက်ခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ နိုင်ငံတဝန်းမှာရှိတဲ့ အရပ်သားပြည်သူတွေဟာ အခက်အခဲအကျပ်အတည်းတွေနဲ့ ဆင်းရဲဒုက္ခမျိုးစုံကို ခါးစည်း ခံစားခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ဆိုးရွားမှုတွေထဲက မှတ်မှတ်ထင်ထင်ဖြစ်စရာ အဖြစ်အပျက်အချို့ကို သံလွင်တိုင်းမ်က အထူးပြုမီးမောင်းထိုးဖော်ပြလိုက်ပါတယ် ..

တိုးလာခဲ့တဲ့ စစ်ရှောင်အရေအတွက်

ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင်ယာယီစခန်းတခုပုံ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တို့နဲ့ ၂၀၂၂ ခုနှစ်အတွင်း လက်နက်ကိုင်တိုက်ပွဲတွေ တိုးမြင့်လာခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်း စစ်ဘေးရှောင် ၁,၃၅၅,၁၄၄ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အဲဒီထဲက အောက်တိုဘာလအတွင်း စစ်ဘေးရှောင် ၁၇၉,၂၀၅ ဦးထက်မနည်း ရှိခဲ့တာကြောင့် အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ဘေးရှောင်အရေအတွက် အများဆုံး တိုးလာခဲ့တာလို့ ISP-Myanamr က ဒီဇင်ဘာနှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အထိ အိမ်ခြေ ၃၈,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၁ ဒဿမ ၁ သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ စားနှပ်ရိက္ခာ၊ ဆေးဝါး၊ ဆက်သွယ်ရေး အပါအဝင် ဖြတ်လေးဖြတ် ဖြတ်တောက်မှုကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ခဲ့သလို အသက်ဘေးနဲ့အတူ ဆင်းရဲဒုက္ခ အတင်းအကျပ်အတည်းကိုပါ ထပ်မံ ရင်ဆိုင်ခဲ့ပါတယ်။

နေ့တဓူဝ အခက်အခဲနဲ့အတူ အသက်ဘေးနဲ့ရင်ဆိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်က နည်းမျိုးစုံသုံးပြီး ဖိနှိပ်နေသလို အဆိုးဝါးအခြေအနေကတော့ စစ်ရှောင်စခန်းတွေထံ လက်နက်ကြီး ပစ်ခတ်မှုပင်ဖြစ်ပါတယ်။

တောက်လျှောက်သုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းတခုပုံ …

၂၀၂၂ ခုနှစ်အတွင်း မြေပြင်စစ်ဆင်ရေးတွေမှာ အသာစီးရမှုအားနည်းလာနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုလာနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်ဒေသတွေအပါအဝင် ကျေးရွာအတွင်းရှိ အရပ်သားနေအိမ်နဲ့ စာသင်ကျောင်းတွေကိုလည်း ပစ်မှတ်ထားခဲ့တာပါ။

အထူးခြားဆုံးဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စာသင်နေတဲ့ ကလေးငယ် ၆ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ရတာပါ။

ဒါ့အပြင် အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းမှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေရှိ အနန့်ပါမှာ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နေ့ အထိမ်းအမှတ်အကြို တေးဂီဖျော်ဖြေပွဲ ပြုလုပ် နေ့စဉ် စစ်ကောင်စီက ဂျက်လေယာဉ် ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားတွေ အပါအဝင် သေဆုံးသူ ၇၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၂၄၀) နီးပါး ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ (၂၀၀) ကျော်ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့အထိ ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု အများစုဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့သလို တစ်ရက်လျှင် အနည်းဆုံး လေကြောင်း တိုက်ခိုက်မှု တစ်ကြိမ် ကျူးလွန်ထားပါတယ်။

စံချိန်တင်တိုးခဲ့တဲ့ အကျဉ်းသားဦးရေ

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာသောပုံ …

စစ်တပ်အာဏာသိမ်းချိန်ကနေစပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထောင်ချမှုတွေ တစ်နေ့တက်တစ်နေ့ တိုးလာနေချိန်မှာ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်သား ၄၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရတာပါ။အဲဒီထဲက နိုင်ငံရေးအကျဉ်းသား ၄၀၈၀ ကျော်ဟာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ အချက်အလက်တွေအရ အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ သေဒဏ်ချမှတ်ခံထားရသူ ၉၇ ဦးအထိရှိခဲ့ပြီး အဲဒီထဲက ၂၂ ဦးဟာ ၂၀၂၂ ခုနှစ်အတွင်း သေဒဏ်ချမှတ် ခံထားရသူတွေပါ။

ထူးခြားဖြစ်စဉ်အနေနဲ့ ၁၉၇၈ နောက်ပိုင်း သေဒဏ်စီရင်မှုတွေ မရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာတော့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့မှာ လက်တွေ့ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ သူတို့ကို ဝေဖန်တာ၊ ဆန့်ကျင်တာ၊ NUG ၊ CRPH ၊ PDF ထောက်ခံတာအပြင် ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး ပုဒ်အမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချမှုတွေကို ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ချွတ်ခြုံကျခဲ့တဲ့ လူမှုစီးပွား

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ MSME လုပ်ငန်းတွေက ထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေကို ပြည်ပတင်ပို့နိုင်တဲ့အထိ ဆောင်ရွက်ဖို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးတွေမှာ အမြဲလိုပြောဆိုခဲ့ပေမယ့် မြေပြင်မှာတော့ လျှပ်စစ်မီးကိုပင် မှန်အောင်မပေးနိုင်သေးပါဘူး။

MSME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးမမှန်တာ၊ ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက် လုပ်ငန်းပုံမှန်လည်ပတ်ဖို့ပင် အတော်လေး ရုန်းကန်ခဲ့ရသလို တစ်နိုင်တစ်ပိုင် လုပ်ငန်အများစု ရပ်နားခဲ့ရပါတယ်။

တစ်ဖက်မှာတော့ စစ်တပ်အာဏာသိမ်းမှုကြောင့် လုံခြုံမှုမရှိတဲ့အခြေအနေမှာ ခရီးသွားလုပ်ငန်းဟာလည်း ပုံမှန်မလည်ပတ်နိုင်သေးတဲ့အတွက် ဒေသတွင်းရှိ MSME လုပ်ငန်းတွေဟာ နာလန်မထူနိုင်တဲ့အပြင် ရပ်နားထားရတဲ့ အနေအထားကို ရောက်ရှိနေတာပါ။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၂ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာအရ ကမ္ဘာ့စီးပွားရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုမှာ နိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ မသေချာ၊မရေရာမှုတွေ မြင့်မားလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကို မခန့်မှန်း၊ မတွက်ချက်ဘဲ ချန်လှပ်ထားခဲ့ပါတယ်။

နယ်စပ်ကုန်သွယ်ရေးကလည်း စစ်တပ် အာဏာသိမ်းမှုပြီးနောက် နှစ်ဖက်တိုက်ပွဲတွေအပြင် ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေကြောင့် ကုန်သွယ်ရေး မကြာခဏ ပြတ်တောက်ခဲ့သလို ကုန်စည်စီးဆင်းမှုလည်း ထက်ဝက်နီးပါး လျော့ကျခဲ့ပါတယ်။

သုတေသန အဖွဲ့ တစ်ခုဖြစ်တဲ့ ISP-Myanmar အဆိုအရ ၂၀၂၁ – ၂၀၂၂ မီနီဘတ်ဂျက်ကာလရဲ့ ပို့ကုန်နဲ့သွင်းကုန် နှစ်ခုစလုံးကို ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါး ကျဆင်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အတက်ကြမ်းခဲ့တဲ့ ကုန်ဈေးနှုန်း

၂၀၂၂ ခုနှစ် ဩဂုတ်လဟာ စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ခွဲအတွင်း အထွေထွေစားသောက်ကုန်ဈေးနှုန်း အတက်ကြမ်းခဲ့တဲ့ အဆိုးဝါးဆုံး လဖြစ်ခဲ့တာပါ။

ရွှေဘိုပေါ်ဆန်း ဆန်မွှေးတစ်အိတ် ၁၀၀,၀၀၀ ဝန်းကျင်၊ စားအုန်းဆီတစ်ပိဿာ ၁၂,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၃,၅၀၀ ကျပ်၊ ငရုတ်သီး တစ်ပိဿာ ၂၅,၀၀၀ ကျပ်အထိ အဆမတန် ဈေးတက်ခဲ့ကြတာပါ။

အလားတူ အမေရိကန် တစ်ဒေါ်လာ ၄,၀၀၀ ကျပ်၊ စက်သုံးဆီဈေးနှုန်း တစ်လီတာ ၂,၅၀၀ ကျပ်နဲ့ အခေါက်ရွှေ တစ်ကျပ်သား သိန်း ၃၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ကြပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှု လှိုင်းဂယက်ကို အခြေခံလူတန်းစားတစ်ခုထဲကို လာရောက် ရိုက်ခတ်နေတာ မဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း လခစားတွေလည်း ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံစားကြရပါတယ်။

ဒါ့အပြင် မိဘမဲ့ ပရဟိတကျောင်းတွေမှာလည်း အဆမတန် မြင့်တက်နေတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေနဲ့ အလှူရှင်နည်းပါးလာတဲ့အတွက် ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ မိဘမဲ့ ပရဟိတကျောင်း တာဝန်ရှိသူတွေက ဆိုကြပါတယ်။

လွတ်လပ်သော သုတေသီများအဖွဲ့ရဲ အစီရင်ခံစာမှာတော့ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးဟာ အခြေခံကုန်ပစ္စည်းတွေနဲ့ လောင်စာဆီ ဈေးနှုန်း တိုးမြင့်လာတာ၊ အလုပ်အကိုင်ရှားပါးတာ၊ စီးပွားရေးလုပ်ငန်း ရပ်နားထားရတာ၊ ပြည်တွင်းဘဏ်စနစ်နဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်မှုကြောင့်လို့ ထောက်ပြပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လာမယ့် ခြောက်လအတွင်း တိုင်းပြည်စီးပွားရေး တိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ဩဂုတ် ဒုတိယပတ်မှာ လေလုံးကြွားခဲ့ပါသေးတယ်။

ဒါပေမယ့် ပြည်သူတွေကတော့ စစ်တပ် အာဏာသိမ်းမှုကြောင့် အဆမတန် မြင့်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ပြဿနာကို အကြီးအကျယ် ရင်ဆိုင်ခဲ့ရပါတယ်။

ပရဟိတအဖွဲ့တချို့ ဖျက်သိမ်းခဲ့ရတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေ

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ စစ်ကောင်စီကနေ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းပြီးနောက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ကြတဲ့ ပရဟိတအဖွဲ့တွေ ရပ်တည်ဖို့ အခက်ကြုံကြရပါတယ်။

အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကြောင့် ပရဟိတအဖွဲ့တွေဟာ ပြည်သူတွေကို လွတ်လပ်စွာကူညီဆောင်ရွက်ပေးလို့ မရတော့တဲ့အတွက် ဖျက်သိမ်းပြီး ရပ်နားလာရတဲ့ အခြေအနေတွေ ရှိခဲ့တာပါ။

မွန်ပြည်နယ်အတွင်းက ပရဟိတအဖွဲ့တွေကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေက ခေါ်ယူအသိပေးတာတွေလည်း ရှိခဲ့တယ်လို့ အသင်းအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောဆိုခဲ့ကြပါတယ်။

စစ်ကောင်စီပြဌာန်းထားတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေမှာပါတဲ့ ပုဒ်မ (၃၃) အရ ဘယ်သူမဆို မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ ဖွဲ့စည်းရင် (၃) နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ် (၁၀) သိန်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အတည်ပြုပြဌာန်းထားတဲ့ ပုဒ်မ (၃၈) နဲ့ (၃၉) ပါ ပြဌာန်းချက်တွေ ဖောက်ဖျက်ကျူးလွန်ရင် အသင်းအဖွဲ့ရဲ့ တာဝန်ရှိသူကို ထောင်ဒဏ် (၅) နှစ်အထိဖြစ်စေ၊ သိန်း (၅၀) ထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တဲ့အပြင် ပြစ်မှုကျူးလွန်တဲ့ အသင်းအဖွဲ့ကိုလည်း ဖျက်သိမ်းတာ၊ အသင်းအဖွဲ့ပိုင် ငွေကြေး၊ ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တယ်လို့ ဆိုပါတယ်။

မြေပြင်မှာ ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အသင်းအဖွဲ့တော်တော်များများဟာ အခကြေး ငွေရယူပြီး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေမဟုတ်တဲ့အတွက် အခုလို တင်းကြပ်လိုက်တဲ့ ဥပဒေကြောင့် ပြည်သူတွေ ပိုမိုခက်ခဲလာနိုင်တယ်လို့ ထောက်ပြကြပါတယ်။

စစ်တပ်အာဏာသိမ်းမှုအလွန် ၂၀၂၂

မည်သို့ပင်ဖြစ်စေ စစ်တပ် အာဏာသိမ်းထားတဲ့ ၂၀၂၂ ခုနှစ်ဟာ စစ်အာဏာရှင်တွေရဲ့ သရုပ်အမှန်ကို ကွက်ကွက်ကွင်းကွင်း မြင်ခဲ့သလို စစ်အုပ်စုရဲ့ ရက်စက်မှုပေါင်း သရဖူးဆောင်ခဲ့တဲ့ နှစ်တစ်နှစ်လည်း ဖြစ်လာခဲ့ပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်ကနေ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်မယ်ဆိုတဲ့ စစ်အုပ်စုဟာ လက်တွေ့မှာတော့ အာဏာတည်မြဲရေးအတွက် နည်းလမ်းမျိုးစုံသုံးပြီး ကြိုးပမ်းခဲ့ပေမယ့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးရာတွေမှာပါ အရှုံးကြီး ရှုံးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို အအခြေအနေမှာ ဒီမိုကရေစီအနှစ်သာရကို ထိတွေ့ခွင့် လုံလုံလောက်လောက် မရသေးတဲ့ မြန်မာပြည်သူတွေအပေါ် ၂၀၂၂ ခုနှစ်ဟာ ပိုမိုဆိုးဝါးခဲ့တဲ့ စစ်အာဏာရှင်စနစ်ရဲ့ ပြယုဒ်တွေပဲ ဖြစ်နေတယ်ဆိုတာ မလွဲဧကန်ပါပဲ။

သံလွင်တိုင်းမ်သတင်းဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.