မော်လမြိုင်၊ ဒီဇင်ဘာ(၂၉)

မွန်ပြည်နယ်မှာတော့ ဒီနှစ်ကွမ်းသီးပေါ်ရာသီမှာ ကွမ်းသီးထွက်ရှိမှုနှုန်း သိသိသာသာ ကျဆင်းလာတာကြောင့် ကွမ်းသီးဈေးနှုန်း ပြန်လည်မြင့်တက်လာတယ်လို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကွမ်းသီးတွေဟာ အရင်နှစ်တွေက အရည်သောက်အရွယ် ကွမ်းသီးနုတွေကို တရုတ်ကဈေးကောင်းပေး ဝယ်ယူခဲ့တဲ့အတွက် ရောင်းချမှုတွေများလာပြီးနောက် ကွမ်းသီးပေါ်ရာသီမှာတော့ ကွမ်းသီးထွက်ရှိမှုနှုန်း သိသိသာသာကျဆင်းလာတာပါ။

ကွမ်းသီးအထွက်နှုန်း လျော့နည်းလာတာကြောင့် ကွမ်းသီးတစ်ပိဿာကို ကျပ် ၃၅၀၀ ကနေ ကျပ် ၄၁၀၀ အထိ ဈေးနှုန်းပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။

ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တစ်ဦးကတော့ ကွမ်းသီးတွေဟာ မိုးတွင်းကာလတုန်းက အရည်သောက်အရွယ် ကွမ်း သီးနုတွေ ဝယ်ယူမှုများတာ၊ ဈေးကွက်အတွင်း ကွမ်းသီးဝင်ရောက်မှုနည်းပါးနေတဲ့အတွက် ဈေးနှုန်းပြန်လည် မြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီနှစ်ဟာ အခါတိုင်းနှစ်လောက် ကွမ်းသီးမပေါလို့ နည်းနည်းလိုက်တက်လာတာပေါ့နော်။ မိုးတွင်းတုန်းက အစိမ်းသီးတွေ သွင်းများတယ်လေ။ ဒီတော့ ဗြောင်သီးတွေက နည်းသွားတာပေါ့။ အခုက နည်းနည်းခြောက်လာပြီး အသီးကောင်းလာပြီး လှောင်လို့ရတယ်ဆိုတော့ နည်းနည်းပါးပါး ဝယ်ကြတယ်။ နောက်မနှစ်ကလောက် သိပ်မထွက်ဘူးဆိုတော့ ဈေးတက်တယ်ပေါ့လေနော်။ တချို့တွေကလည်း မရောင်းဘဲနဲ့ ထားထားတယ်။ နောက်အခါတိုင်းနှစ်လိုမျိုး ပစ္စည်းမရှိဘူးပေါ့နော်။ ပစ္စည်းလာတာနည်းတယ်။ ဒါကြောင့်မို့ပေါ့နော်”လို့ ဆိုပါတယ်။

ကွမ်းသီးဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာပေမယ့် ဈေးကွက်အတွင်း သိုလှောင်ရောင်းချဖို့အတွက် ဝယ်ယူမှုတွေများလာသလို တရုတ်ဘက်ကလည်း ဝယ်ယူမှုတချို့ ပြန်ဖြစ်လာတယ်လို့ ဆိုပါတယ်။

ကွမ်းသီးဈေးနှုန်းဟာ ပြီးခဲ့တဲ့ဩဂုတ်လ ဒေါ်လာဈေးနှုန်းမြင့်တက်စဉ် တစ်ပိဿာကို ကျပ် ၁၀,၀၀၀ ဝန်းကျင်လောက်ထိ ဈေးနှုန်းမြင့်တက်ခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာတော့ တစ်ပိဿာကို ကျပ် ၃၀၀၀ ဝန်းကျင်လောက်ထိ ဈေးနှုန်းကျဆင်းခဲ့တာပါ။

မွန်ပြည်နယ်မှာတော့ ကွမ်းသီးတွေကို ရေးနဲ့သံဖြူဇရပ်မြို့နယ်တွေက အဓိကထွက်ရှိတာဖြစ်ပြီး ပြည် တွင်းတင်ပို့မှုအနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်တွေကို အဓိကတင်ပို့နေသလို ပြည်ပတင်ပို့မှုအနေနဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.