မော်လမြိုင် – ဒီဇင်ဘာ(၂၉)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကားတစ်စီ မြောင်းထဲထိုးကျကာ မောင်းနှင်လာတဲ့ ဒုရဲအုပ်ဝင်း ထွန်းပိုင် ဆိုသူ သေဆုံးသွားပြီး သူဟာ လက်ရှိမုပွန်နယ်မြေ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေက သံလွင်တိုင်းမ် ပြောပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၈) ရက်နေ့ ည(၉)နာရီဝန်းကျင်က မုပွန်ရပ်ကွက် အိုးရုံလမ်းက (၁၂) ပေအနက်ရှိတဲ့ မြောင်းထဲကို ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲထိုး ကျသွားတာကနေ မြောင်း ထဲမှာ ရေရှိနေတဲ့အတွက် ထွက်မရဘဲ သေဆုံးခဲ့ရတာပါ။
အဲဒီမြောင်းနေရာဟာ လမ်းအကွေ့ဖြစ်သလို တံတားမှာ ဘောင်မရှိတဲ့အတွက် ညအချိန် မှောင် နေတာကြောင့် လမ်းမတွေ့ဘဲ အရှိန်လွန်ပြီး ထိုးကျတာဖြစ်နိုင်တယ်လို့ ကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သူက လမ်းအကွေ့ကို အတည့် ထင်ပြီး မောင်းလိုက်တာ ဖြစ်မယ်၊ ပြီးတော့ အရှိန်လွန်ပြီး ပြုတ်ကျ သွားတာပေါ့၊ အဲ့ဒီ အကွေ့မှာ တံတားကလည်း ဘောင်မရှိဘူး၊ ဘောင်မရှိတော့ တံတားလို့ မထင်ရဘူးပေါ့ဗျာ၊ လမ်းကလည်း မှောင်တော့ အတည့်ဆိုပြီး မောင်းချလိုက်တာ အဲ့ဒီ မြောင်းထဲတန်းကျ သွားတာပေါ့”လို့ ဆိုပါတယ်။
သေဆုံးသွားသူဟာ နယ်မြေရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်တာကြောင့် အရှိန်မထိန်းနိုင် လို့ ထိုးကျတာ မဖြစ်နိုင်ဘဲ အမူးလွန်ပြီး ထိုးကျတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေ ပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။
ဒါ့အပြင် သေဆုံးသူ မောင်းနှင်ခဲ့တဲ့ကားဟာ လိုင်စင်မဲ့ကားဖြစ်တယ်လို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။
လက်ရှိမှာတော့ ဒုရဲအုပ်ဝင်းထွန်းပိုင် ရဲ့ ရုပ်အလောင်းကို ပရဟိတအဖွဲ့တွေက မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ