ရန်ကုန် – ဒီဇင်ဘာ(၂၉)
ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က ဒေါ်ဖြူဖြူသင်း တည်ထောင်ထားတဲ့ မိဘမဲ့ ကလေးငယ်တွေနဲ့ HIV/AIDS လူမှုစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ဒီဇင်ဘာလ(၂၈) ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကိုရာဇာကို ပြီးခဲ့တဲ့ မတ်လ(၂) ရက်နေ့ ဂေဟာကနေ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ -၅၀(ဂ)၊ ၅၀(ည) နဲ့ ငွေကြေးခဝါချမှု ဥပဒေတွေနဲ့ စစ်ကောင်စီက ဒဂုံမြို့သစ် အရှေ့ ပိုင်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာပါ။
စစ်ကောင်စီက အခုချမှတ်လိုက်တဲ့ အမိန့်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ -၅၀(ဂ) အတွက် အမိန့်ချမှတ်လိုက်တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာတော့ စွပ်စွဲခံထားရတဲ့ အမှုတွေထဲက နောက်ထပ် နောက်အမှုတွေအတွက် တရားရင် ဆိုင်ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုရာဇာတာဝန်ယူထားရတဲ့ လူမှုကူညီရေးဂေဟာမှာ လူကြီး (၇၀) နဲ့ ကလေး(၉၀) ကျော် စုစုပေါင်း (၁၆၀) ကျော်ကို စောင့်ရှောက်မှုပေးနေတဲ့ ဂေဟာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထိန်းသိမ်းခံထားရသူ နှစ်သောင်း နီးပါးရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်