epa06493349 Military troops and tanks march to listen the speech of Myanmar's military Commander-in-Chief Senior General Min Aung Hlaing (not in picture) on the second day of the 'Sin Phyu Shin' joint military exercises in the Ayeyarwaddy delta region, Myanmar, 03 February 2018. The two-day military exercise is the biggest since 1997, involving several different branches of the country's armed forces. EPA-EFE/LYNN BO BO / POOL

ဒီးမော့ဆို၊ ဒီဇင်ဘာ(၂၉)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကောင်စီဘက်က တင့်ကားတွေအပါအဝင် စစ်အင်အားတွေ ထပ်မံတိုးချဲ့လာပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဖို့အတွက် တင့်ကားတွေဟာ လွိုင်ကော်-ဒီမော့ဆို၊ ဒီမော့ဆို-မိုးဗြဲ သွားတဲ့ လမ်းမကြီးပေါ်မှာ နေရာချထားသလိုရှိနေပြီး ဒီရက်ပိုင်းအတွင်း လေယာဉ်နဲ့ကင်းထောက်မှု ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က တင့်ကားတွေသုံးပြီး စစ်ကြောင်းထိုးလာနိုင်တာကြောင့် စစ်ရေးအသင့် ပြင်ဆင်ထားတယ်လို့ ဒီးမော့ဆို PDF သတင်းပြန်ကြားရေးတာဝန်ခံ ဦးကယန်းက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုတဝိုက်က ပုံမှန်ကင်းပုန်းချတဲ့ ကျေးရွာတွေမှာလည်း တပ်အင်အား (၃၀) ကနေ (၅၀) လောက်အထိ ဖြည့်တင်းထားပြီး စစ်ရေးပြင်ဆင်တာတွေ လုပ်ဆောင်ထားတယ်လို့ သူက ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက သေးဆူလဲ၊ ကုန်းသာနဲ့ ဒေါငံခါး ကျေးရွာဘက်တွေမှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဒုတိယအပတ်တုန်းက စစ်ကား(၁၅) စီးလောက်နဲ့ အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကရင်နီပြည်နယ်အစိုးရက ဦးဆောင်ပြီး ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လွိုင်ကော်စံပြ (၆) မိုင်၊ဒေါတမကြီး ဘောလခဲလမ်းကို ယာယီပိတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလမ်းတွေကို ဒီဇင်ဘာလ(၂၆) ရက်နေ့တည်က ပိတ်လိုက်တာဖြစ်ပြီး ဒေသခံပြည်သူတွေ သွားလာတာမလုပ်ဖို့နဲ့ လမ်းပိတ်ထားချိန်မှာ စားသောက်ကုန်တွေ ဈေးတင်မရောင်းချဖို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကယားပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ (၂) သိန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.