ပေကျင်း – ဒီဇင်ဘာ(၂၄)
တိဗက်က လူ့အခွင့်အရေးဆိုင်ရာ တရုတ်အရာရှိနှစ်ဦးကို အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူ ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးကို ဒဏ်ခတ်အရေးယူလိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်ကွန်ဂရက်လွှတ်တော် အမှုဆောင်ကော်မရှင်ရဲ့ လက်ထောက် ဒါရိုက်တာ မိုင်လ်ယူနဲ့ တွတ်စတိန်တို့အပေါ် ပိတ်ဆို့အရေးယူတဲ့အစီအစဉ်ဟာ ဒီဇင်ဘာလ(၂၃) ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကလက်မှတ် ရေးထိုးခဲ့ပြီး ဝန်ကြီးဌာန ဆိုရှယ်မီဒီယာအကောင့်မှာ ကြေညာထားတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၉) ရက်နေ့က အမေရိကန်က တိဗက်ဒေသက လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တရုတ်အရာရှိ(၂) ဦးကို ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
အမေရိကန်အရာရှိ ယူ နဲ့ စတိန်တို့ရဲ့ တရုတ်နိုင်ငံတွင်းပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမှာဖြစ်ပြီး တရုတ်နိုင်ငံအတွင်းက အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ ထိတွေ့ဆက်ဆံတာတွေကို လည်းတာမြစ်ခဲ့သလို သူတို့ရဲ့ မိသားစုတွေကိုလည်း တရုတ်နိုင်ငံထဲဝင်ခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
တိဗက်လူမျိုးအများစုဟာ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ စီချွမ်၊ချင်ဟိုင်း၊ယူနန်နဲ့ ဂန်စု ပြည်နယ်တွေက တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွေနဲ့ ခရိုင်တွေမှာ နေထိုင်ကြပြီး တရုတ် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဟာ တိဗက်ဒေသတွေမှာလည်း အာဏာဖြန့်ကြပ်ထားတယ်လို့ သိရပါတယ်။
နိုင်ငံမှာတခြားလူနည်းစုတွေနေထိုင်ရာ ဒေသတွေလို ပါတီရဲ့ ဟန်တရုတ် လူမျိုးအဖွဲ့ဝင်တွေဟာ ထိပ်တန်းပါတီ၊အစိုးရ၊ရဲတပ်ဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာ ရာထူးအများစုကို ရယူ ထားတာပါ။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ(၂၅) ဦးပါ နိုင်ငံရေးဗျူရို(ပေါ်လစ်ဗျူရို)နဲ့ အမြဲတမ်း ကော်မတီမှာ အဖွဲ့ဝင်(၇) ဦးပါဝင်တဲ့အထဲမှာတိဗက်အဖွဲ့ဝင်တွေ မပါဝင်ဘူးလို့ သိရပါတယ်။
Ref: Reuters