မော်လမြိုင် – ဒီဇင်ဘာ(၁၉)

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို တရားလက်လွတ်ကွပ်မျက်တာတွေ မလုပ်နိုင်အောင် ဖိအားပေးဖို့ အီးယူနဲ့ အာဆီယံ ကို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၄) ပြုလုပ်ခဲ့တဲ့ အီးယူ-အာဆီယံထိပ်သီးအစည်းအဝေး ခေါင်းဆောင်တွေ ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပူးတွဲကြေညာချက်နဲ့ပတ်သက်ပြီး NUG ရဲ့ ထုတ်ပြန်ချက် မှာတောင်း ဆိုခဲ့တာပါ။

အပြစ်မဲ့ အရပ်သားတွေအပေါ်နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုတွေ ပြုလုပ်လာနိုင်တဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဖြိုဖျက်နိုင်ဖို့နဲ့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေကို တောင်းဆိုရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေတဲ့ စစ်အုပ်စုကြောင့် ဘက်ပေါင်းစုံ အကျပ်အတည်းတွေကို ကူညီဖြေရှင်းပေးဖို့ အီးယူနဲ့ အာဆီယံတို့က ဆောင်ရွက်မယ့် နှစ်ဆတိုး ကြိုးပမ်းအားထုတ်မှုတွေကို NUG အစိုးရက ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အီးယူ-အာဆီယံ ရဲ့ ပူးတွဲကြေညာချက်မှာ NUG ကို မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုဘ်စားလှယ် အဖြစ် ထောက်ခံတာဖော်ပြထားတာမရှိတဲ့အပြင် တရားမဝင် စစ်အာဏာရှင်တွေရဲ့ ကြမ်းကြုတ်မှု တွေကို ရှုတ်ချကြောင်း ဖော်ပြဖို့လည်း ပျက်ကွယ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားပါ တယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထောက်ခံကြဖို့နဲ့ စစ်အုပ်စုရဲ့ ဥပဒေမဲ့ အရေးပေါ် အခြေအနေ ကြေညာထားတာကို ပယ်ချရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ တောင်းဆိုထား ပါတယ်။

လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေအတွက် ကတိကဝတ်ပြုထားတဲ့ အီးယူ-အာဆီယံ ကတိ ကဝတ်ပြုမှုက ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲရလဒ်ကိုသာ အတည်ပြုလက်ကိုင်ထားပြီး စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းမှုအားလုံးကို တားဆီးပိတ်ပင်ပြီး မြန်မာ ပြည်သူတွေကို လေးစားမှုပြသရမှာဖြစ်တယ်လို့ NUG က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.