မြန်မာတစ်နိုင်ငံမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ နိုဝင်ဘာနောက်ဆုံးပတ်အထိ ၄ လအတွင်း မြို့နယ် ၃၄ မြို့နယ်မှာ မိမိကိုယ်ကို အဆုံးစီရင်သူသူ ၄၄ ဦးအထိ ရှိလာခဲ့ပါတယ်။ ဒါဟာ သတင်းတွေမှာ ဖော်ပြချက်တွေကိုသာ စုဆောင်းရမိခဲ့တာဖြစ်ပြီး တကယ့်လက်တွေ့မြေပြင် အခြေအနေမှာတော့ အရေအတွက်က ပိုမိုများနိုင်ပါတယ်။
ဒါဟာ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ကို နားလည်မှုအားနည်းနေတာကြောင့် ဖိအားတွေများလာတဲ့အခါမှာ မိမိစိတ်ကိုကောင်းမွန်စွာ မထိန်းချုပ်နိုင်တော့ဘဲ လွဲမှားတဲ့လမ်းကို လျှောက်သွားကြတဲ့ အခြေဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကို ၂ နှစ်လောက် ခံစားနေခဲ့ကြရပြီး တစ်ပူပေါ် ၂ ပူဆင့်ဆိုသလို စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဘက်ပေါင်းစုံက ယိုယွင်းပျက်စီးနေရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဆိုးရွားစွာဖြတ်သန်းနေထိုင်နေရတဲ့ အခြေအနေကို ထင်ဟပ်ဖော်ပြလိုက်တာပါပဲ။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်းမှာ လူငယ်တွေအနာဂတ် ပျောက်ကုန်တာ၊ လူပေါင်း သန်းနဲ့ချီပြီး စစ်ပြေးဒုက္ခသည်ဖြစ်ကုန်တာ၊ နေအိမ်ပေါင်း သောင်းနဲ့ချီမီးရှို့ခံရတာ၊ နိုင်ငံအတွင်း စစ်တပ်အန္တရာယ်ကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ရတာတွေဟာ တကယ့်ကို စိတ်မချမ်းမြေ့စရာပါပဲ။
“ပြည်သူတွေစားဝတ်နေရေး ခက်ခဲကုန်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတော့တာဟာလည်း အာဏာသိမ်းတာရဲ့တခြား အကျိုးဆက်လို့ဆိုရင်မှားနိုင်မယ်မထင်ပါဘူး။ လက်တွေ့မှာ ကုန်ဈေးနှုန်းတွေ ၂ ဆတက်ကုန်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားကြတာကြောင့် အလုပ်လက်မဲ့တွေ ပိုများလာပါတယ်”
ဒီအခြေအနေမှာ စားဝတ်နေရေး ခက်ခဲနေတဲ့ အခြေခံလူတန်းစားတွေ သာမက အာဏာရှင်ကို ဆန့်ကျင်တဲ့ CDMဝန်ထမ်းတွေအပြင် လက်ရှိစစ်ကောင်စီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲမှုးကြီးတစ်ဦး၊ ခရိုင်ဦးစီးအရာရှိနဲ့ ရဲတပ်သားတွေပါ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာကို တွေ့ရပါတယ်။
ဒီလို သတ်သေသူတွေထဲမှာ ဩဂုတ်လ ၂၉ ရက်ညနေပိုင်းက ပြည်မြို့ နဝဒေးတံတား ပေါ်မှာ အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ဦး အသက် ၃ နှစ်အရွယ် ကလေးငယ်နဲ့အတူ ခုန်ချသတ်သေခဲ့မှု၊ အောက်တိုဘာ နောက်ဆုံးပတ်အတွင်း မြို့ပြပျောက်ကျားအဖွဲ့ဝင်တစ်ဦးဟာ လူမှုကွန်ရက်ပေါ်မှာ သေတမ်းစာရေးပြီး သတ်သေတော့မယ်လို့ ထုတ်ဖော်ပြောကြားခဲ့မှု၊ အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးတာကြောင့် ထိုင်းနိုင်ငံကိုထွက်လာပြီး ထိုင်းနိုင်ငံရောက်ပြန်တော့လည်း အလုပ်မရှိတာကြောင့် ဘန်ကောက်မြို့လယ် တံတားပေါ်က ခုန်ချဖို့ကြိုးစားတဲ့လူငယ်တစ်ဦးတို့ရဲ့ ဖြစ်ရပ်တွေဟာ ဟိုးလေးတကြော်ဖြစ်ခဲ့သေးတာပါ။
မော်လမြိုင်မြို့က လူငယ်တဦးဟာလည်း အဆိုပါဖြစ်ရပ်တွေကို ယင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပြီးနောက်ပိုင်း သေတမ်းစာရေးသားကာ ကိုယ့်ကိုတိုင်အဆုံးစီရင်ခံပါတယ်။
ဒီလို လွဲမှားတဲ့ဆုံးဖြတ်ချက်တွေအတွက် စေ့ဆော်တဲ့အကြောင်းအရာတွေကတော့ မျှော်လင့်ချက်မဲ့သွားပြီလို့ တွေးထင်တာ၊ အကူအညီမဲ့ပြီး အထီးကျန်တယ်လို့ခံစားရတာ၊ ကိုယ့်ကို နားလည်နိုင်မယ့်သူ မရှိဘူးလို့ ထင်မြင်ယူဆတာ၊ အသက်ရှင်နေလည်း မထူးတော့ဘဲ အသက်ရှင်စရာအကြောင်း မရှိတော့ဘူးလို့ မှတ်ယူမှုအမှားတွေကြောင့် ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။
ဘယ်လိုအခြေနေတွေကြောင့် စိတ်ပြဿနာတွေဖြစ်လာရတာလဲ၊ သတ်သေဖြစ်ဖို့အထိ ဘာလို့ ဖြစ်သွားရသလဲဆိုတာကိုတော့ စိတ်ပညာရှင် ဒေါက်တာရင်ရင်မွန်က အခုလိုပြောပြပါတယ်။
“ပတ်ဝန်းကျင်အိမ်၊ ကျောင်း၊ လုပ်ငန်းခွင်၊ လူမှုအသိုင်းအဝိုင်းဝန်းကျင်နဲ့ မိမိနဲ့ အဆင်မပြေမှုတွေကြောင့် ဖိစီးမှုတွေများလာပြီး ဖြစ်လာရတာပါ။ ဥပမာ- ကပ်ဘေးတွေဖြစ်နေတာ၊ စစ်ဖြစ်နေတာ၊ နိုင်ငံစီးပွား ရေးယုတ်လျော့ပြီး အလုပ်တွေအဆင်မပြေ ဖြစ်လာတာတို့စတဲ့ ကြီးမားတဲ့ လူမှုပြဿနာတွေကြောင့် ဖြစ်ရတာပါ”လို့ ဆိုပါတယ်။
စိတ်ဖိစီးမှုတွေ ကိုင်တွယ်ဖြေရှင်းရာမှာ အခက်တွေ့စေတဲ့ အခြားအကြောင်းအရာတွေကတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ အားနည်းနေတာ၊ ရှက်ရွံ့နေပြီး စိတ်ကျန်းမာရေးဝန်ဆောင်မှု မယူဖြစ်တာ၊ စိတ်ကျန်းမာရေး စောင့်ရှောက်မှုခံယူဖို့ လက်လှမ်းမမီတာနဲ့ လူမှုရေးအကူညီတွေရယူဖို့ အခက်အခဲတွေရှိတာ စတဲ့အချက်တွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေး ရှုထောင့်ကပြောရရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုက အရင်ကတည်းက အားနည်းနေပြီး ယခုလက်ရှိ စစ်အာဏာသိမ်းထားချိန်မှာ ပိုမိုဆိုးရွားလာတယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ လူဦးရေအချိုးနဲ့ ပြောရရင် စိတ်ကျန်းမာရေး ဆရာဝန်က တအားနည်းတယ်။ တကယ်တမ်း ဆွေးနွေးပါရစေဆိုရင်တောင် ဆရာဝန်က အလုံအလောက်မရှိတာများတယ်။ ပြီးတော့ လူမှုဝန်းကျင်ထဲမှာ စိတ်ပိုင်းဆိုင်ရာ အသိပညာ အလေ့အကျင့်ကောင်းမှ မရှိခဲ့ကြဘဲ။ ဘာမှမ မသိခဲ့ကြဘဲ နေလာကြရတာ” လို့ ဆေးဘက်ပညာသည်တစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။
လူတွေရဲ့ဘဝမှာ အမက်မောဆုံးက ဘာလဲလို့မေးရင် တညီတညွတ်တည်းပေးကြမယ့်အဖြေက ဘာလို့ထင်ပါသလဲ။ ယုံကြည်မှုလား၊ စီးပွား ရေးချောင်လည်မှုလား၊ လွတ်လပ်မှုလား၊ ကြွယ်ဝမှုလား၊ အာဏာလားစသဖြင့် အဖြေတွေအများကြီး ထုတ်စရာရှိပါတယ်။
တကယ်တော့ ဒီအထဲက အခြေခံအကျဆုံးနဲ့ အမှန်ဆုံး အဖြေကိုပေးရမယ်ဆိုရင်တော့ တစ်ခုတည်းသော အဖြေက ရှင်သန်မှုပဲဖြစ်ပါတယ်။ အသက်ရှင်သန်နေသရွေ့ လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ ကိုယ်ဖြစ်ချင်တာကို မျှော်လင့်ချက်တွေနဲ့ ရုန်းကန်ကြိုးစားလို့ရနေပါသေးတယ်။ ဘယ်လောက်သေးငယ်နေတဲ့ သက်ရှိဖြစ်ပါစေ ကိုယ့်အသက်ရှင်သန်ဖို့ကိုတော့ ကြိုးစားကာကွယ်နေကြတာ လောကသဘာဝပဲဖြစ်ပါတယ်။
ဒါဆိုရင် ရှင်သန်မှုကို အဆုံးသတ်ပြီး လွဲမှားတဲ့အတွေးအခေါ်တွေနဲ့ လောကထဲကထွက်ခွာသူတွေ ဘာလို့ရှိလာတာပါလဲ။ ဒီလူတွေက ဘာကြောင့် ရှင်သန်ရုန်းကန်မှုကို အရှုံးပေးသွားကြတာပါလဲ။
ဒီမေးခွန်းကို စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာစူဆန်ကတော့ အခုလိုဖြေပေးထားပါတယ်။
“တော်တော့်ကို ပြင်းပြင်းထန်ထန်ခံစားရလို့ သတ်သေတဲ့အခြေနေကို ရောက်တာ။ အဲဒီပြင်းထန်တဲ့ ခံစားချက်ကို မကျော်နိုင်တာ ကိုယ့်ကိုကိုယ်လှီးတာ ဘာညာကလည်း သူတို့ရဲ့မွန်းကြပ်မှုတွေ ပြေလျော့သွားမလားဆိုတဲ့ အတွေးအမှားတွေပဲ” လို့ ဆိုပါတယ်။
စိတ်ပြဿနာဆိုတာ လူတိုင်းမှာရှိနေတတ်ပါတယ်။ ဒါဟာ စိတ်ရောဂါအဆင့်မဟုတ်ဘဲ။ ပြဿနာဆိုရင် ဖြေရှင်းစရာနည်းလမ်းရှိတယ် ဆိုတဲ့အတိုင်းဖြေရှင်းရင် ပြေလည်သွားနိုင်တယ်ဆိုတဲ့ အယူအဆမရှိတော့ဘဲ တစ်ကိုယ်ရည်စာ ချွတ်ချော်မှုတွေပဲဖြစ်ပါတယ်။
လူတစ်ယောက်အနေနဲ့ အလွန်အမင်းစိတ်ညစ်စရာကိစ္စတွေ ကြုံတွေ့လာရရင် ဦးဏှောက်ထဲမှာရှိတဲ့ အနုတ်လက္ခဏာဆောင်တဲ့ဟိုမုန်းတွေ အလွန်အကြူးထွက်လာပြီး မိမိကိုယ်ကို သတ်သေတဲ့အထိ ဖြစ်လာစေတာပါ။ ဒီအခြေအနေကို ထိန်းညှိပြီး ဖြတ်ကျော်နိုင်ရင်တော့ စိတ်သက်သာရာ ရသွားနိုင်ပါတယ်။
စိတ်မချမ်းသာမှုတွေသိပ်များလာရင် တစ်ခြားရှုထောင့်တစ်ခုကနေ ပြန်မြင်တတ်ဖို့ လိုပြီး ဒါကို ထိန်းချုပ်နေထိုင်တတ်ဖို့ ငယ်စဥ်တည်းက အလေ့အကျင့်ရှိဖို့လိုပြီး အသိပညာပေးမှုတွေ ရရှိနေဖို့ လိုတယ်လို့လည်း စိတ်ပညာရှင်ဒေါက်တာရင်ရင်မွန်က အကြံပေးပါတယ်။
ဒီလို မိမိဘဝကိုလက်လျှော့အရှုံးပေးတာတွေ မဖြစ်ပွားစေဖို့ စိတ်ကျန်းမာရေး ကုသဖို့အတွက် မိမိဘာသာ အဆင်မပြေပါကလည်း ကျွမ်းကျင်သူပညာရှင်တွေရဲ့ အကူအညီကို စောစီးစွာရယူသင့်တယ်လို့ ဒေါက်တာ ရင်ရင်မွန်ကဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံကလူ အများစုဟာ ကိုယ်ခန္ဓာပြင်ပပိုင်းကိုသာ ဂရုစိုက်နေကြပြီး စိတ်ကျန်းမာရေးဂရုစိုက်ဖို့ အားနည်းနေသေးတယ်လို့လည်း ဆိုပါတယ်။
လတ်တလောနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် လူတိုင်းစိတ်ဓာတ်ကျဖို့ လွယ်ကူနေပေမယ့် အာဏာရှင်ကို တော်လှန်ဖို့အတွက် တတ်နိုင်သလောက်စိတ်ဓာတ်တွေကို ပြင်ဆင်ဖို့လိုတယ်လို့တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
“ကြံ့ခိုင်အောင်နေပြီး ရှင်သန်ဖို့ကို စိတ်အားထက်သန်အောင်နေရမယ် ကိုယ့်စိတ်ဖြေစရာကို သေချာသိဖို့ လိုတယ်ဗျ အရှုံးပေးလိုက်ရင် အာဏာရှင်တွေပျော်နေမှာပေါ့” လို့ မြို့ပြပြောက်ကျားတစ်ဦးကပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ မိနစ် ၄၀ တိုင်းမှာ လူတစ်ယောက် သတ်သေမှုဖြစ်နေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် နှစ်စဥ်ကျန်းမာရေး အစီအရင်ခံစာတွေကို နှိုင်းယှဥ်ကြည့်ရင်လည်း သေကြောင်းကြံစည်မှုတွေ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေကြောင်း တွေ့ရမှာပါ။ ကမ္ဘာပေါ်မှာ မိမိကိုယ်ကိုသတ်သေမှုအများဆုံး ငါးနိုင်ငံကတော့ ဂျပန်၊ တောင်ကိုရီးယား၊ ဆရီလန်ကာ ကျွန်းနိုင်ငံ၊ ဟန်ဂေရီနဲ့ ဆလိုဗေးနီးယား နိုင်ငံတွေဖြစ်ကြပါတယ်။
ဒီလို လူ့အသက်ဆုံးရှုံးရတာတွေကို ကာကာကွယ်နိုင်ဖို့ လူမှုပတ်ဝန်းကျင်အတွင်း တစ်ဦးနဲ့တစ်ဦး စာနာစိတ်နဲ့ဖေးမဖို့က အဓိကကျတယ်လို့ပညာရှင်တွေက တစ်ညီတစ်ညွတ်တည်း ပြောကြပါတယ်။
ဒါ့အပြင် ဝါသနာပါရာ တစ်ခုခုကို စူးစူးနစ်နစ်လုပ်ဆောင်တာ၊ အတွေးဆိုးတွေကို ထပ်ခါထပ်ခါ မတွေးတာ၊ တရားထိုင်တာ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ရင်ဖွင့်စကားပြောတာတွေ လုပ်ဆောင်ခြင်းဖြင့်လည်း အကုန်အကျနည်းပြီး စိတ်သက်သာရရနိုင်တဲ့ နည်းလမ်းတွေရှိတယ်လို့ ပညာရှင်တွေကဆိုပါတယ်။ အထူးသဖြင့်တော့ အရှုံးမပေးဖို့လိုကြောင်းလည်း ပညာရှင်တွေက အကြံပေးထားပါတယ်။
သံလွင်တိုင်းမ်/ထက်ထက်အောင်