နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူပြီးနောက် ခုခံတော်လှန်မှုများ နိုင်ငံအနှံ့မှာ ပေါ်ပေါက်လာရာ မြေပြင်တွင်အခြေမလှတော့တဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများ အသုံးပြုလာပြီး နယ်မြေတစ်ချို့မှာ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းများကိုပါ ပစ်မှတ်အဖြစ် သတ်မှတ်တိုက်ခိုက်လာနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေအချို့မှာ ကလေးတွေပညာရေးအတွက် ကိုယ်ထူကိုယ် ထ ကျောင်းလေးတွေကို ကြိုးစားဖွင့်လှစ် သင်ကြားပေးနေကြတာပါ။ ဒါပေမယ့် စစ်ကောင်စီဟာ ကလေးတွေ စာသင်ကြားနေတဲ့ စာသင် ကျောင်းများကိုပင် အလွတ်မပေးဘဲ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်နေတာပါ။

“ညောင်သီးကိုလည်းစား လေးသံကိုလည်းနားထောင်”ဆိုတဲ့ စကားပုံအတိုင်းပါပဲ တော်လှန်ရေးနယ်မြေတွေက ကလေးတွေဟာ စစ်ကောင်စီတပ်တွေရဲ့ အခြေအနေကိုစောင့်ကြည်ပြီး ဆရာ့စာသင်သံအပြင် လက်နက်ကြီးနဲ့ လေယာဉ်အန္တရာယ်ကိုလည်း အာရုံဖြန့်ပြီး စာသင်နေကြရပါတယ်။

ဆရာတွေဘက်ကလည်း ကျောင်းသင်ခန်းစာတွေအပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရာယ်က လွတ်မြောက်မယ့် လမ်းညွှန်မှုသင်ခန်းစာတွေကို ဖြည့်စွက်သင်ကြားပေးနေရတယ်လို့ စစ်ကိုင်းတိုင်းအတွင်းမှာ ဖက်ဒရယ်ပညာရေး ဖော်ဆောင်နေသူ ဆရာမိုးကပြောပါတယ်။

“ကိုယ်ထူကိုယ်ထဆိုတော့ မိမိရပ်ရွာ၊ မိမိကျောင်းကို ကိုယ်တိုင်ဖန်တီးရတာဆိုတော့ အခက်အခဲတွေက အများကြီးပဲ။ အဓိကက စစ်ကောင်စီရဲ့ အန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာကတော့ အဓိက စိန်ခေါ်မှုပဲ။ လေယာဥ်လာရင် ဘယ်လိုနေရမယ်၊ ဘယ်လို ပြေးရမလဲဆိုတာတွေရော သင်ပေးနေရတယ်” လို့ ဆရာမိုးက ပြောပါတယ်။

မေ့မရတဲ့ဖြစ်ရပ်ဆိုး

အဲဒီနေ့ကတော့ စက်တင်ဘာလ ၁၆ ရက်နေ့ ဖြစ်ပါတယ်။ ဒီပဲယင်းမြို့ကနေ ၂ ကီလိုမီတာသာဝေးတဲ့ လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကျောင်းသား၊ သူ ၂၀၀ ကျော် တက်ရောက်နေခဲ့ကြပါတယ်။

နေ့လည်တစ်နာရီအချိန် ကလေးတွေ နေ့လည်စာစားပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း အေးချမ်းစွာ ဆော့ကစားနေတုန်း စစ်ကောင်စီရဲ့ ရုရှားလုပ် Mi-35 စစ်ရဟတ်ယာဉ် ၂ စင်း ထိုးဆင်းလာပြီး ကျောင်းနဲ့ ကျောင်းဝင်းကို ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ကလေး ၇ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရကလေးငယ်တွေကိုလည်း စစ်ကောင်စီတပ်သားတွေက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ပုန်းရှောင်နေကြတဲ့ ကလေးငယ်များ …. euf

မသေဘဲကျန်နေတဲ့ ကလေးငယ်တွေဟာလည်း အဆိုပါ ဖြစ်ရပ်နဲ့ အနိဌာရုံမြင်ကွင်းတွေကြောင့် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကြောင့် ကျောင်းပြန်တက်ရမှာ ကြောက်နေသလို မိဘတွေအနေနဲ့လည်း ကလေးငယ်တွေကို ကျောင်းပို့ဖို့ တွန့်ဆုတ်သွားခဲ့ပါတယ်။

စာသင်ကြားရေးက ပြန်မလုပ်နိုင်သေးဘူး။ စာသင်ကျောင်းက ကျသွား(သေသွား)တဲ့ ကလေးတွေလည်း ရှိတာဆိုတော့ ကျန်ခဲ့တဲ့ကလေးတွေကလည်း စိတ်ဒဏ်ရာရတာပေါ့။ အဲဒါကို ပျောက်အောင်လို့ သူတို့ပြန်စောင့်ယူရမှာပေါ့။ NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ပညာသင်ကြားရေးပြန်လုပ်ဖို့ ရှိတယ်။ ဒါပေမဲ့ လုပ်ဖို့တော့မလွယ်သေးဘူး။ ဒီပဲယင်းနယ်က စစ်ကအမြဲဖြစ်နေတာကိုး”လို့ ဒေသခံ ကျောင်းဆရာတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ယက်ကုန်းဖြစ်စဥ်အပြီးမှာ အဲဒီကျေးရွာအပါဝင် အနီးနားက ရွာတွေမှာ ဝေဟင်တိုက်ခိုက်မှု ထပ်ဖြစ်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာနေမှုကြောင့် ဒေသခံတွေ ထွက်ပြေး ရှောင်တိမ်းနေရတာဟာ သုံးကြိမ်ထက်မနည်းရှိနေပြီ ဖြစ်သလို ကလေးမိဘတွေအပါအဝင်တွေ ကျေးရွာသားတွေနဲ့ ဆရာ ဆရာမတွေဟာ ညဘက်အိပ်မပျော်တာ အိပ်မက်ဆိုးတွေနဲ့ လန့်နိုးတာ အပါအဝင် စိတ်မလုံခြုံမှုနဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေကြရပါတယ်။

“သူတို့ (စစ်ကောင်စီတပ်သား)တွေ မလာရင် လွတ်လပ်စွာ စာသင်နိုင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မလွတ်လပ်ဘူးပေါ့ဗျာ။ စစ်ကောင်စီက ပြည်သူကို ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု မပေးတဲ့အပြင် လူတစ်ယောက်ချင်းစီမှာရှိတဲ့ အကြောက်တရားကို ကြီးထွားအောင် လုပ်ဆောင်နေတာဖြစ်လို့ စိတ်လုံခြုံစိတ်ချမှုလုံးဝ မရှိပါဘူး။” လို့ ဆရာမိုးက ပြောပါတယ်။

စစ်ကောင်စီက ပြည်သူကို ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု မပေးတဲ့အပြင် လူတစ်ယောက်ချင်းစီမှာရှိတဲ့ အကြောက်တရားကို ကြီးထွားအောင် လုပ်ဆောင်နေတာဖြစ်လို့ စိတ်လုံခြုံစိတ်ချမှုလုံးဝ မရှိပါဘူး။” လို့ ဆရာမိုးက ပြောပါတယ်။

ကျည်ဆံထက်ရှားတဲ့ သင်ထောက်ကူ ပစ္စည်းများ

အာဏာသိမ်းစစ်ကောင်စီကတော့ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံတွေပါ မကျန် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက စာသင်ကျောင်းတွေဟာ အဖွဲ့ခွဲတာဝန်ကိုယ်စီနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ပြီး ဖွင့်လှစ်နေရပါတယ်။

စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇မြို့နယ်ရှိပြီး ၃၃မြို့နယ်မှာ ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်လှစ်ထားပြီး ကျန်မြို့နယ်တွေမှာလည်း စစ်တပ်စခန်းနဲ့ ဝေးတဲ့ နေရာတွေမှာ စတင်ဖွင့်လှစ်ထားပြီလို့ ဒေသတွင်း ပညာရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။

ကိုယ်ထူကိုယ်ထကျောင်းတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေအပြင် ပညာရေးဝန်ထမ်း မလုံလောက်မှု၊ စာရေးကိရိယာ မလုံလောက်မှုတွေကိုပါ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းမှာ ပုံနှိပ်စာအုပ်ဝယ်ရတာဟာ ကျည်ဆံဝယ်ရသလို ခက်ခဲတယ်လို့ ဆရာမိုးက ဆိုပါတယ်။

“အဓိက လိုအပ်ချက် အခက်အခဲက ပုံနှိပ်စာအုပ် အခက်အခဲပဲဗျ။ စစ်ကောင်စီက ပုံနှိပ်စာအုပ်တွေသယ်လာတာမြင်ရင်ကို အရေးယူနေတာ။ ပုံနှိပ်စာအုပ်ဝယ်ရတာလည်း ကျည်ဆံဝယ်ရသလို၊ ကျည်ဆံ သယ်ရသလိုကို ဖြစ်နေတော့တာ။ အခုက ကြားကာလ ပညာရေးကို အခမဲ့ သင်ကြားပေးတာဆိုတော့ အထောက်အပံ့တွေကလည်း မရနိုင်ဘူး” လို့ ပြောပြပါတယ်။

အခုလို အခက်အခဲတွေရှိနေပေမဲ့ ကလေးတွေရဲ့ ပညာသင်ယူလိုစိတ်ကတော့ ပြင်းထန်နေဆဲပဲဖြစ်ပါတယ်။ ကလေးတွေက ကိုဗစ် ၁၉ ကြောင့် ကျောင်းပိတ်ခဲ့ရတဲ့အချိန်တွေမှာ အကြွေးကျန်နေတဲ့စာတွေကို သင်ယူဖို့ ဆန္ဒရှိနေကြတယ်လို့ ဆရာမိုးက ပြောပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကျောင်းသားဦးရေ ဆရာဦးရေပေါ်မူတည်ပြီး ထောက်ပံ့တာတွေရှိနေပြီး ဖက်ဒရယ်ပညာရေးစနစ်အရ ကျောင်းအလိုက် စီမံခန့်ခွဲပိုင်ခွင့်တွေ ပေးထားတယ်လို့ ကြားကာလပညာရေး ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ဆံများကြား ကရင်နီက စာသင်ကျောင်း

အခုလို ဖြစ်စဥ်တွေဟာ စစ်ကိုင်းတိုင်းတစ်ခုထဲမှာပဲ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်က ကလေးငယ် ၇၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အန္တရာယ်ကြားထဲကနေ ပညာသင်ယူနေရတယ်လို့ ကရင်နီပညာရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ရှိတဲ့ ကလေးသူငယ်(၉၅) ရာခိုင်နှုန်းလောက်ဟာ ပညာသင်ယူခွင့်ရရှိနေပေမယ့် အဲ့ဒီထဲက (၂၅) ရာခိုင်နှုန်းက စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ ပညာသင်ယူ နေရပြီး ကျန်(၇၀) ရာခိုင်နှုန်းကတော့ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် အန္တရာယ်ကြားထဲကနေ ပညာသင်ယူနေရတာပါ။ ကျန် ၅ရာခိုင်နှုန်းကတော့ ပညာသင်ကြားခွင့် ဆုံးရှုံးနေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPရဲ့ လူ့အခွင့်အရေးအဖွဲ့က အချက်အလက်တွေအရ သိရပါတယ်။

စစ်ဘေးရှောင်စာသင်ကျောင်းတခုပုံရိပ်

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ စာသင်ကျောင်းအနီးတဝိုက် ကျရောက်ပေါက်ကွဲတာတွေရှိနေတဲ့အတွက် ကလေးငယ်တွေရဲ့ လုံခြုံရေးဂရုစိုက်နေရတယ်လို့ နွေဦးဂုရုလေးများအဖွဲ့ ဝင်တစ်ဦးဖြစ်သူ ကိုတင့်က ပြောပါတယ်။

“ကျောင်းတွေကို လက်နက်ကြီးနဲ့ လာပစ်တာ၊ လေယာဥ်နဲ့ လာပစ်တာ၊ ဒီမော့ဆို အရှေ့ဘက်ခြမ်းမှာဆို ခဏခဏ ဖြစ်တယ်။ စာသင်ကျောင်းနားကိုကျတာ၊ ကျွန်တော်တို့ သတင်းမထုတ်တာဘဲရှိတယ်။ ကရင်နီဘက်မှာက လက်နက်ကြီးက တော်တော်များများက ကျောင်းပတ်ဝန်းကျင်တွေမှာပဲကျတယ်။ ကျွန်တော်တို့ သတင်းမထုတ်တာက ဘယ်နေရာမှာကျတယ်ဆိုတာ သတင်းထုတ်လိုက်ရင် အဲဒီနေရာကိုမဲပစ်မှာစိုးလို့” လို့ ကိုယ်ထူကိုယ်ကျောင်းတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကိုတင့်က ပြောပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့တုန်းက စစ်ကောင်စီတပ်ဟာ တိုက်ပွဲ တစ်စုံတရာမရှိဘဲ ကရင်နီပြည်နယ် လွိုင်လင်လေးမြို့နယ်၊ တီးလုံအုပ်စု၊ ဒေါပါပါးကျေးရွာကို ဂျက်တိုက်လေယာဥ်များဖြင့် သုံးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်၊

ဂျက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုအပြီး နေ့လည်ပိုင်းမှာလည်း လွိုင်ကော်မြို့အခြေစိုက် (၂၅၀) အမြောက်တပ်မှ လက်ကြီများ၊ အမြောက်များဖြင့် ဒေါပါပါးကျေးရွာသို့ ထပ်မံပစ်ခတ်ခဲ့ပါသေးတယ်။ အဲဒီပစ်ခတ်မှုအတွင်း ဗုံးခိုကျင်းမှာ ဆုတောင်းသံတွေနဲ့ ကလေးတွေရဲ့ ရုပ်သံကို Free Burma Ranger အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ကရင်နီပြည်နယ်က ကိုယ်ထူကိုယ်ထကျောင်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တဲ့ ရက်တွေဆိုရင် ကျောင်းတွေကို တစ်ပတ်ကနေ တစ်လလောက်အထိ ပိတ်လိုက်ရတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။

“ အဲဒီဟာတွေက ကလေးတွေရဲ့ သင်ကြားမှုကို အများကြီးထိခိုက်စေပါတယ်။ ထိလည်းထိခိုက်နေတယ်ပေါ့နော်။ အဲဒီဟာက ကျွန်တော်တို့ ပြည်နယ်တစ်ခုတည်းမကဘူး။ မြန်မာတစ်နိုင်ငံလုံးအတွက် လူသားအရင်းအမြစ်တွေဆုံးရှုံးတယ်။ လူတော်လူကောင်းတွေပျောက်ဆုံး သွားနိုင်တယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်သိက္ခာကျစရာဖြစ်စေနိုင်ပြီး အခုခေတ်ပေါ့နော် ခေတ်သစ်ပညာရေးစနစ်အောက်မှာ လက်လှမ်းမမီတာတွေဖြစ်ပြီး သူများနိုင်ငံရောက်ရင် ကျွန်သဖွယ်ပဲ ဆက်အလုပ်လုပ်နေရမယ်” လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ လူသားချင်းစာနာ ထောက်ထားမှု ကော်မတီပြောခွင့်ရ ဦးဗညားက ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ကလေးငယ် (၃၁,၇၃၅)ဦး ရှိပြီး ကြားကာလ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသုံးဖတ်စာအုပ်တွေနဲ့ စာရေးကိရိယာတွေက လိုအပ်နေဆဲဖြစ်ပါတယ်။

စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေပါ ပစ်ခတ်ခံရ

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ် စော်မူပလောကျေးရွာအုပ်စု တာဘော ကော်ဒဲကျေးရွာအတွင်းမှာလည်း အခုလ နိုဝင်ဘာလ (၉) ရက်နေ့ နံနက် (၁း၀၀) ကျော်ခန့်အချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတစ်ခုလုပ်ခဲ့ပါတယ််။တိုက်ခိုက်မှုကြောင့် ခရစ္စယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်း နှင့် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စာသင်ကျောင်းပေါင်း ၁၉၀ ကျော် တိုက်ခိုက်ခံ ခဲ့ရကြောင်းနဲ့ စာသင်ကျောင်းတွေမှာ အခြေချတပ်စွဲတာတွေ မလုပ်ဖို့၊ ပညာရေးအဆောက် အအုံတွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး ညွန့်ပေါင်းအဖွဲ့ Global Coalition to Protect Education from Attack (GCPEA) က စက်တင်ဘာ ၉ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင်စာသင်ကျောင်းတခုပုံရိပ်

အဲဒီတိုက်ခိုက်မှုတွေဟာ နိုင်ငံတစ်ဝန်းက တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ ဖြစ်ခဲ့တာလို့ ဆိုပါ တယ်။Global Coalition to Protect Education from Attack (GCPEA) ရဲ့ စက်တင်ဘာ ၉ ရက် အစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေကို စစ်ရေးအတွက် အသုံးချမှုဟာ သိသိသာသာ မြင့်တက်လာတယ်၊ စာသင်ကျောင်းနဲ့ တက္ကသိုလ်အရေအတွက်ရဲ့ လေးပုံတစ်ပုံကျော်ဟာ အခုချိန်မှာ စစ်ရေး အတွက် အသုံးချခံနေရကြောင်း ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း တန့်ဆည်ခရိုင်က ကိုယ်ထူကိုယ်ထကျောင်းမှာ စာသင်ပေးနေတဲ့ CDM ကျောင်းဆရာ ဦးမိုးကတော့ “စာသင်ကျောင်းအနား၊ စာသင်ကျောင်းအတွင်း လက်နက်ကြီးတွေကျတာ မကြာခဏ ကြားမြင်နေရတာပဲ။ စစ်ကောင်စီရဲ့ တပ်တွေက စာသင်ကျောင်းတွေထဲမှာတောင် စခန်းတွေချ၊ ဘာသာရေး ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုတာတွေရှိနေတော့ ကျွန်တော်တို့ စာသင်ကျောင်းတွက ပစ်ခတ်မှုတွေကို ဘယ်လိုရှောင်ရှားနိုင်မလဲ”လို့ မချိတင်ကဲ ပြောပါတယ်။

သံလွင်တိုင်းမ်

ဆောင်းပါးကို အသံဖြင့်နားဆင်လိုပါက … https://youtu.be/rID73MGVsf8

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.