လွန်ခဲ့တဲ့ ရက်သတ္တပတ်က လူမှုကွန်ရက်တွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ကျဆုံးသွားခဲ့ရတဲ့ လူငယ်တစ်ဦးရဲ့ သတင်းပိုစ့်အောက်မှာ “သားက ၂၀၂၁၊ အဖေက ၈၈ အာာဏာရှင်ကို တော်လှန်ရင်း အသက်တွေ ပေးသွားလိုက်ကြတာ” ဆိုတဲ့ မှတ်ချက်တွေ မြင်တွေ့ကြမှာပါ။

စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ကျဆုံးခဲ့ရသူ ဒီလူငယ်ဟာ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) ရဲ့ တာဝန်ခံ ကိုအဂ္ဂ (ခ) ကိုသီဟနေစိုး ဖြစ်ပါတယ်။

သူဟာ ရေးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ လူငယ်ရေးရာတာဝန်ခံ တစ်ဦးဖြစ်သလို စစ်အာဏာသိမ်းချိန်ကစပြီး ဆန္ဒပြပွဲတွေကနေ လက်နက်ကိုင်တော်လှန်ရေးထဲကို ခြေစုံပစ် ဝင်ရောက်ခဲ့သူပါ။ ကိုသီဟနေစိုးရဲ့ ဖခင်ဖြစ်သူ ဦးဝနေစိုး(ခ)ကိုနေဝင်းဟာလည်း ၁၉၈၈ ခုနှစ် စစ်အစိုးရလက်ထက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ ၈၈ မျိုးဆက်ဖြစ်ပြီး အသက်ပေးခဲ့ရသူပါ။

သီဟနေစိုးရဲ့ ပုံရိပ်တခု (Photo – Toby Nay Soe)

သားဖြစ်သူ ကိုသီဟနေစိုးလက်ထက်မှာတော့ အမြစ်မပြတ်သေးတဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ဖခင်ရဲ့ ခြေရာအတိုင်း တော်လှန်သွေးအပြည့်နဲ့ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ပါပြီ။

ကိုသီဟနေစိုးရဲ့ ပုံရိပ်

MSRO ပြန်ကြားရေးတာဝန်ခံ စောအယ်မူးထူးက “သူ့အဖေလုပ်ခဲ့တဲ့ ဒီတော်လှန်ရေးအပေါ် မပြီးပြတ်သေးတဲ့ ၈၈ က တော်လှန်ရေးကို သူ့အနေနဲ့ သူ့အဖေရဲ့ ခြေရာအတိုင်း လိုက်ပြီးတော့ သူ့အဖေလက်ထက်မှာ မပြီးမြောက်ခဲ့တဲ့ တာဝန်တွေကို သူပုခုံးထမ်းပြီး လုပ်ဆောင်ခဲ့တယ်လို့ မြင်ပါတယ်” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စောအယ်မူးထူးပြောပြချက်အရ ကိုသီဟနေစိုးဟာ စစ်အာဏာရှင်ကို တော်လှန်နေရရင် တိုက်ပွဲတွေ ဖော်ဆောင်နေရရင် ပျော်မွေ့နေရသူပါ။ စစ်အာဏာရှင်တော်လှန်ရေးမှာ မိသားစုအရေးနဲ့ လူငယ်ဘဝ လွတ်လပ်မှုတွေကို စတေးပြီး စွန့်လွှတ်အနစ်နာခံတတ်တဲ့ သူလည်း ဖြစ်ပြန်ပါတယ်။

“သူ့အဖေလုပ်ခဲ့တဲ့ ဒီတော်လှန်ရေးအပေါ် မပြီးပြတ်သေးတဲ့ ၈၈ က တော်လှန်ရေးကို သူ့အနေနဲ့ သူ့အဖေရဲ့ ခြေရာအတိုင်း လိုက်ပြီးတော့ သူ့အဖေလက်ထက်မှာ မပြီးမြောက်ခဲ့တဲ့ တာဝန်တွေကို သူပုခုံးထမ်းပြီး လုပ်ဆောင်ခဲ့တယ်လို့ မြင်ပါတယ်”

လူငယ်ပီပီ ဂီတအနုပညာကို ခုံမင်ကာ ဂစ်တာတစ်လက်နဲ့ သီချင်းတွေ သီဆိုနေရ ရေးနေရရင် ပျော်ရွှင်နေတတ်ပြီး MSRO တပ်ရင်းထဲက ရဲဘော်တွေအပေါ် ဖျော်ဖြေပေးတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် သူဟာ စိတ်ဓာတ်ပြတ်သားသူဖြစ်ပြီး ယုံကြည်ရာကို တစ်စိုက်မတ်မတ် လုပ်ဆောင်တတ်သူလည်း ဖြစ်နေတာပါ။ MSRO က ရဲဘော်တွေ အပေါ်မှာလည်း ညီအစ်ကိုရင်းတွေလို ခင်ခင်မင်မင် ဖော်ဖော်ရွေရွေ ပေါင်းသင်းဆက်ဆံသူလို့ မှတ်ချက်ပြုကြပါတယ်။

သီဟနေစိုးဦးဆောင်တဲ့ တပ်ရင်းတခု စစ်ရေးလေ့ကျင့်နေပုံ (Photo – MSRO)

“သူ့ ရဲဘော်ရဲဘက်တွေကို စိတ်မချတာရော နယ်မြေမကျွမ်းကျင်တာရော ဖြစ်မှာစိုးလို့ သူကိုယ်တိုင် တာဝန်ခံတစ်ယောက်အနေနဲ့ မစ်ရှင်အထိလိုက်ပြီး ထိပ်ဆုံးကနေ ဦးဆောင် ပါဝင်ခဲ့တယ်။ အဲဒါကြောင့်မို့ သူက ဒီရဲဘော်တွေကိုယ်စား နောက်ဆုံး ခံပစ်ပေးခဲ့ရင်းနဲ့ ကျဆုံးခဲ့တယ်ဗျ” လို့ စောအယ်မူးထူးက ပြောပြပါတယ်။

ကျဆုံးခဲ့ရတဲ့နေ့

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က ရေးမြို့နယ်၊အစင်ကျေးရွာအုပ်စု ဇီးဖြူသောင် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ဖို့ ကိုသီဟနေစိုး ဦးဆောင်တဲ့ MSRO ရဲဘော် ၁၂ ဦးနဲ့အတူ ဆိုင်ကယ် ၇ စီးနဲ့ တောလမ်းအသွယ်သွယ်ကို ဖြတ်ကျော်လာခဲ့ပါတယ်။

ကိုသီဟနေစိုးနဲ့အတူ အဲဒီနေ့က စစ်ဆင်ရေးမှာ အတူတူပါဝင်ခဲ့တဲ့ ကိုဒီဃာပြောပြချက်အရ ညနေ ၃ နာရီဝန်းကျင်မှာ ဇီးဖြူသောင် ရဲစခန်းနားအရောက် ပါလာတဲ့ လက်နက်ကြီး၊ လက်နက်ငယ် ၁၂ လက်နဲ့ ရဲစခန်းကို ပစ်ပြီး ၄ မိနစ်ကျော်လောက် တိုက်ပွဲငယ် ဖြစ်ပွားခဲ့ပါတယ်။

“ကျွန်တော်တို့ ပစ်တယ်၊ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ဒါပေမယ့် အဲဒီအချိန်အထိကို ကျွန်တော်တို့ဘက်မှာ အထိအခိုက်မရှိခဲ့ဘူး” လို့ ကိုဒီဃာက မစ်ရှင်နေ့က အဖြစ်အပျက်ကို ပြောပြပါတယ်။

စစ်အာဏာရှင်တော်လှန်သူ သီဟနေစိုး …. (Photo – Toby Nay Soe)

MSRO အဖွဲ့က ရဲဘော်တွေ စီးလာတဲ့ ဆိုင်ကယ် ခုနှစ်စီးထဲက သုံးစီးဟာ စခန်းရှေ့နားမှာ ရပ်ထားတာဖြစ်တဲ့အတွက် ပြန်ယူလို့ မရတော့ဘဲ ကျန်ဆိုင်ကယ် လေးစီးကိုသာ ရှိတဲ့ လူအင်အား ၁၃ ယောက်နဲ့ မျှစီးပြီး ပြန်လည် ဆုတ်ခွာလာခဲ့ကြတာပါ။

အပြန်လမ်းမှာ တစ်ရွာဝင် တစ်ရွာထွက်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတင်းရထားတဲ့အတွက် လမ်းတွေမှာ ကင်းလှည့်စောင့်ကြပ်နေတာတွေ ရှိနေတာကြောင့် ကွေ့ပတ်ရှောင်ရင်း ရထားလမ်းအဟောင်းကို ဖြတ်ရင်း နာရီဝက်ကြာသွားခဲ့တယ်လို့ ဆိုပါတယ်။

၄ နာရီခွဲလောက်မှာတော့ ရေးမြို့ကနေ ၇ မိုင်လောက် ကွာဝေးတဲ့ ပလိုင်းကီးကျေးရွာနားအရောက် ဟိုဘက်ခြမ်းကို ကူးဖို့ လုပ်နေချိန် Doubla Cub ပုံစံ အဖြူရောင်ကားတစ်စီးပေါ် ယာဉ်မောင်းဘေးနားမှာ လူတစ်ယောက် သေနတ်လွယ်ထားတာ တွေ့လိုက်ရတယ်လို့ ကိုဒီဃာက ပြောပြပါတယ်။

ကားရဲ့နောက်ခန်းမှာလည်း လူခြောက်ယောက်ထပ်တွေ့ပြီး သေနတ်ပြောင်းလည်း ထပ်တွေ့တဲ့အတွက် အရှေ့ကသွားနေတဲ့ ရဲဘော်တွေကို “ပြေးတော့… ပြေးတော့ဆိုပြီး အဲကောင်တွေ ပြေး ပြေး အော်တယ်။ ပြီးတော့ ဒီကောင်တွေကလည်း (စကစတပ်သား) ကျွန်တော်တို့ကို ကင်းပတ်ပြီး ကြည့်နေတာဖြစ်တဲ့အတွက် သူတို့လည်း ကျွန်တော်တို့ကို တွေ့တဲ့အချိန်မှာ ဒီကောင်တွေပဲ ပစ် ပစ် ဆိုပြီး ကျွန်တော်တို့ကိုပစ်တယ်” လို့ ပြောပါတယ်။

အဲဒီအချိန်မှာ လမ်းလေးခွဆုံမှာ ဆိုင်ကယ်တစ်စီးမှာ လူလေးယောက် စီးလာတာဖြစ်တဲ့အတွက် ရထားလမ်းပေါ် ဖြတ်ချိန် ရထားလမ်းရဲ့ ဆလီဖာတုံးနဲ့ ထိပြီး ဆိုင်ကယ် ဘရိတ်ပေါက်သွားခဲ့ပါတယ်။ ဒါကြောင့် ဘရိတ်လည်း မရှိတဲ့အတွက် လေးယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီး မှောက်ကျသွားခဲ့တယ်လို့ ကိုဒီဃာက ပြောပြပါတယ်။

ဆိုင်ကယ်မှောက်တဲ့သူတွေကို ဆွဲထုတ်ရင်း စပြေးဖို့ လုပ်ဆောင်ပါတော့တယ်။ အဲဒီအချိန်မှာ ကိုသီဟနေစိုးနဲ့ ကိုဒီဃာတို့ ပြေးနေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကားနဲ့ ဆက်မလိုက်တော့ဘဲ ကားပေါ်ကနေဆင်းပြီး ပစ်ခတ်ပါတော့တယ်။

အဲဒီနောက် MRSO အဖွဲ့သားတွေရဲ့ အရှေ့ကဖြတ်သွားတဲ့ ဆိုင်ကယ်အစီးတွေ လွတ်မြောက်သွားခဲ့ပေမယ့် ကိုသီဟနေစိုးနဲ့ ကိုဒီဃာတို့ကတော့ ရောဘာတောထဲကို ဝင်ပြေးရင်း တစ်ခဏမှာပဲ ကိုသီဟနေစိုးကို ကျည်ထိမှန်သွားခဲ့ပါတယ်။

“သူ့လက်ဝါးမှာ သွေးတွေနဲ့ ထိသွားပြီတဲ့ အားတင်းထားလေကွာ ငါတို့ ဆက်ပြေးမယ်လို့ သူ ဒူးထောက်သွားတယ်၊ လုံဝလဲမကျဘူး။နောက်တစ်ခေါက် ပြန်ထတယ်၊ ပြန်ထပြီး အားတင်းထား ဆက်ပြေးမယ်၊ အရှေ့တောဆုံးရင် ရပြီလို့ အဲဒါ သူ ထပြီးတော့ မတ်တပ်ရပ်ပြီး ဆက်ပြီး ပြေးတယ်။ ပြေးတဲ့အချိန်က ငါးလှမ်းလောက် လှမ်းပြီး သူ ခွေလဲကျသွားတယ်” လို့ ကိုဒီဃာက ပြောပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ကျဆုံးသွားခဲ့ရတဲ့ ကိုသီဟနေစိုးရဲ့ အသက်မဲ့ခန္ဓာကို ထားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ နောက်တစ်ရက်မှသာ စစ်ကောင်စီက အလောင်းကို လာကောက်ယူသွားခဲ့တယ်လို့ ကိုဒီဃာက ပြန်ပြောပြပါတယ်။

တစ်မိသားစုလုံး အာဏာရှင်ရဲ့ ဖိနှိပ်ဒဏ် ခံခဲ့ရ

အာဏာသိမ်းခါစ အစောဆုံး ဆန္ဒပြပွဲကာလတွေမှာ ကိုသီသနေစိုးကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ပြီး ရေးမြို့ အဝင်အထွက်နေရာတွေမှာ သူ့ရဲ့ နာမည်၊ ဓာတ်ပုံတွေပါတဲ့ ဗီနိုင်းတွေ ချိတ်ဆွဲရှာဖွေတဲ့ အဆင့်အထိ ပြုလုပ်ခံခဲ့ရတာပါ။

ဒါ့အပြင် သူ့ရဲ့ မိခင်နဲ့ အစ်မဖြစ်သူတို့ နှစ်ဦးစလုံးကလည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကျောင်းဆရာမတွေ ဖြစ်တဲ့အတွက် နေအိမ်တစ်ခုလုံး ဝင်ရောက်စီးနင်း ရှာဖွေခံခဲ့ရတာလည်း ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုသီဟနေစိုးရဲ့ မိခင်နဲ့ အစ်မဖြစ်သူတို့ နှစ်ဦးစလုံး လုံခြုံစိတ်ချရတဲ့ တစ်နေရာကို ပုန်းရှောင်နေကြရတယ်လို့ စောအယ်မူးထူးက ပြောပြပါတယ်။

စစ်အာဏာရှင်စနစ်ကို ရတဲ့နည်းနဲ့ တော်လှန်နေခဲ့ကြသူတွေထဲမှာ ကိုသီဟနေစိုးတို့ တစ်မိသားစုလုံးကတော့ အာဏာရှင်အဆက်ဆက်ရဲ့ ဖိနှိပ်ဒဏ်ကြောင့် အသက်နှစ်ခုကို စတေးပေးလိုက်ရပါပြီ။ ကိုသီဟနေစိုးရဲ့ ဖခင်ဖြစ်သူ ဦးဝနေစိုး(ခ)ကိုနေဝင်းဟာ ရေးမြို့နယ်၊ အစင်ကျေးရွာဇာတိဖြစ်ပြီး ပန်းချီနေစိုးအဖြစ် အသက်မွေးသူဖြစ်သလို ဂီတအနုပညာကို ခုံမင်ပြီး သီချင်းလည်း ရေးသားသူပါ။

၁၉၈၈ ခုနှစ် စစ်အစိုးရလက်ထက်မှာ ရေးမြို့နယ်က တက်ကြွလူငယ်အဖြစ် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတည်ထောင်ချိန် စည်းရုံးရေးလုပ်ငန်းတွေမှာ ပါဝင်လာခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ပါတီစည်းရုံးရေးလုပ်တဲ့အတွက် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရပါတယ်။ ရွေးကောက်ပွဲအပြီးမှာတော့ NLD ပါတီမှာ ပြန်လည်ပါဝင်လာပြီး မြို့နယ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့သူပါ။

စစ်အုပ်စုရဲ့ အကြမ်းဖက်နှိပ်စက်မှုကြောင့် ကျဆုံးခဲ့ရသည့် သီဟနေစိုး၏ ဖခင် ဦးဝနေစိုးပုံ

အဲဒီနောက်ပိုင်း တောင်ဥက္ကလာပမြို့နယ်မှာ နိုင်ငံရေးလုပ်ဆောင်နေသူတစ်ဦးကို ဖမ်းမိတဲ့ဖြစ်ရပ်အတွက် ဆက်စပ်မှုအဖြစ် ၁၉၉၈ ခုနှစ် ဒီဇင်ဘာလမှာ ဦးဝနေစိုး ဖမ်းဆီးခံခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ် မတ်လမှာတော့ အင်းစိန်ထောင်မှာ ပုဒ်မ ၁၇/၁ နဲ့ ၅(ည) တို့မှာ မတရားအသင်းဆက်သွယ်မှုနဲ့ ထောင်ဒဏ် (၁၀) နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူပါ။

၂၀၀၀ ပြည့်နှစ်မှာတော့ ဦးဝနေစိုးကို အင်းစိန်ထောင်ကနေ မော်လမြိုင်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။ မော်လမြိုင်ထောင်တွင်း ဆန္ဒပြမှုမှာ ပြင်းထန်စွာ ရိုက်နှက်ခံရပြီး ဆေးကုသမှု မခံယူခဲ့ရပါဘူး။ တဘက်မှာလည်း အသည်းကင်ဆာရောဂါခံစားရပြီး ဝေဒနာပြင်းထန်လာတဲ့အတွက် ၂၀၀၃ ခုနှစ်မှာ မော်လမြိုင်ဆေးရုံကို တက်ရောက်ကုသခဲ့ပါသေးတယ်။ ရောဂါပြင်းထန်လာတဲ့အတွက် အဲဒီနောက်မှာ စစ်အုပ်စုက ကိုဝနေစိုးကို ထောင်ကနေ လွှတ်ပေးခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ နှိပ်စက်ခံရတဲ့ ဒဏ်တွေနဲ့ ဆေးကုခွင့်မရတဲ့ ဒဏ်တွေအပြင် ကင်ဆာရောဂါအခံနဲ့ ကွယ်လွန်ခဲ့ရပါတယ်။ဦးဝနေစိုး ကွယ်လွန်ချိန်မှာ ကိုသီဟနေစိုးဟာ ခြောက်နှစ်သားအရွယ်ပဲ ရှိပါသေးတယ်။ ဒီဖြစ်စဉ်အားလုံးကို ဦးဝနေစိုးနဲ့ အမှုတွဲဖြစ်ခဲ့သူ တစ်ဦးနဲ့ မော်လမြိုင်ထောင်မှာနေခဲ့သူ တစ်ဦးတို့က သံလွင်တိုင်းမ်ကို ပြန်လည် ပြောပြပေးခဲ့တာပါ။

မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကြမ်း

နိုင်ငံတဝန်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြရာမှာ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတာတွေ၊ အပြစ်မဲ့အရပ်သားတွေကို ပစ်ခတ်တာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေဟာ အာဏာရှင်အဆက်ဆက် လုပ်ဆောင်လာခဲ့တဲ့ လုပ်ရပ်တွေပါ။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုအကြောင်းပြချက်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်တပ်က တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ တစ်ကျော့ပြန် အာဏာသိမ်းယူမှုဟာ အညွန့်တလူလူတက်နေတဲ့ ဒီမိုကရေစီကို ချိုးပစ်လိုက်ခြင်း ဖြစ်ပါတယ်။

အာဏာဆက်အရှင်ရှင် ပေတရာလမ်းမပေါ်က သွေးညှီနံတွေ မခြောက်သေးခင်မှာ စစ်အာဏာရှင်တွေကြောင့် မွဲပြာကျနေတဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးစချိန်မှာ ခေတ်သစ်စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ခဲ့ကြပြန်ပါတယ်။

MSRO တာဝန်ခံ သီဟနေစိုးနှင့် ရေးဘီလူး တာဝန်ခံ ပါဆင်နယ်တို့ တွေ့ဆုံကြပုံ (Photo – MSRO)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ကျဆုံးခဲ့ရသူ ၂၃၇၇ ဦး ရှိခဲ့ပြီး ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူမှာ ၁၂၇၀၀ ကျော်ရှိပြီး အဲဒီထဲက ၁၅၉၀ ကျော်မှာ ထောင်ဒဏ်ချမှတ် ခံထားရသူတွေပါ။

စစ်အာဏာသိမ်းယူမှုကို လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ဟာ လူငယ်တွေအပေါ် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်စေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ၆လဝန်းကျင်အတွင်း နိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ်တွေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နေချိန်မှာ မွန်ပြည်နယ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အများကြီး မပေါ်ပေါက်သေးပါဘူး။

အဲဒီအခါမှာတော့ ကိုသီဟနေစိုးက မွန်ပြည်နယ်မှာရှိတဲ့ လူထုတွေကို အခြားသော တိုင်းရင်းသားအင်အားစုတွေနဲ့အတူ တော်လှန်ရေးမှာ ရွပ်ရွပ်ချွံချွံ ပါဝင်စေချင်ခဲ့တယ်လို့ သူနဲ့ရင်းနှီးခဲ့တဲ့ ရဲဘော်တွေက ပြောပြပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြားလူမျိုးတွေ တော်လှန်ရေးမှာ ရွပ်ရွပ်ချွံချွံ ပါဝင်နေကြတာကို မွန်ပြည်နယ်ကိုလည်း အားလုံးထက် သာစေချင်၊ မျက်နှာပန်း လှစေချင်လို့ ဖြစ်ပါတယ်။

“သူရဲ့ ခံယူချက်က သူ့ရဲ့လူမျိုး သူနေထိုင်နေတဲ့ ရေးမြို့နယ်၊ပြီးတော့ မွန်ပြည်နယ် အဲဒီလို အဆင့်ဆင့်မှာ ပိုပြီး ကောင်းစားစေချင်တဲ့ စိတ်ကတော့ သူ့မှာ ရှိတယ်” လို့ ကိုသီဟနေစိုးနဲ့ ရဲဘော်ရဲဘက်ဖြစ်ခဲ့ဖူးသူ ကိုအုတ်ခဲက ပြောပြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလအစောပိုင်းမှာ ကိုသီဟနေစိုးတစ်ယောက် လွတ်မြောက်နယ်မြေကို ရောက်ရှိလာခဲ့ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူတွေကို ရသလောက် ထောက်ပံ့ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်မှာ‌တော့ စိတ်သဘောထားတူ၊ ခံယူချက်တူ လူငယ်တွေနဲ့အတူတူ ရှိတဲ့အင်အားနဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စဖို့ ကြံရွယ်ခဲ့ပြီး လိုအပ်တဲ့ စစ်သင်တန်းတွေ တက်ရောက်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာတော့ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) ကို စတင် တည်ထောင်ခဲ့ကြပြီး ကိုအဂ္ဂ (ခ) ကိုသီဟနေစိုးက တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့သူပါ။

သီဟနေစိုးကို MSRO တပ်ဖွဲ့ဝင်များက အလေးပြုဂုဏ်ပြုနေပုံ (Photo – MSRO)

“သူ့ရဲ့ စိတ်ဓာတ်ပြတ်သားမှုကြောင့် သူ့ရဲ့ ခံယူချက်ပြင်းထန်မှုကြောင့် ဒီအဖွဲ့ကို အကောင်းဆုံးဖြစ်တဲ့အထိ ထမ်းဆောင်နိုင်ခဲ့တဲ့အပေါ် အဖွဲ့အတွက်ကတော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့တယ်။ ကျန်ရှိနေတဲ့ သူ့ရဲ့ ရဲဘော်ရဲဘက်အနေနဲ့ သူ့ရဲ့ မပြီးမြောက်တဲ့ ခံယူချက်တွေ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ ဆက်ပြီး လုပ်ဆောင်ပေးသွားမယ်” လို့ စောအယ်မူးထူးက ဆိုလိုက်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.