ခင်ဦး – အောက်တိုဘာ(၂၀)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် နဲ့ ရွှေဘိုမြို့နယ်က စိုင်ဒိုးကျေးရွာ၊အင်ကြင်းပင်ကျေးရွာ၊ တယ်ဘို ပင်ကျေးရွာနဲ့ အင်ပင်လှကျေးရွာတွေက စစ်ဘေးရှောင်နေရတဲ့ ပြည်သူ (၇၀၀) အတွက် သံဃ မေတ္တာ ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့က ဆန်အိတ်(၃၇) အိတ်နဲ့ဆီ(၄) ပုံးသွားရောက်လှူဒါန်းခဲ့ပါတယ်။

ကာလတန်ဖိုး (၁၈) သိန်းကုန်ကျခဲ့တဲ့ လှူဒါန်းမှူကို သံဃမေတ္တာအဖွဲ့ဝင်သံဃာတော်တွေ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ကြပြီး ပြည်သူတွေကို အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို အခုလို လှူဒါန်းတာဟာ ပြည်တွင်းပြည်ပက ပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ စစ်ဘေးရှောင်မီးဘေးသင့်ပြည်သူတွေကို လှူဒါန်းတာဖြစ်တယ် လို့ သံဃမေတ္တာအဖွဲ့ ဝင်ဆရာတော်တစ်ပါးက သံလွင်တိုင်းမ်ကို မိန့်ကြားပါတယ်။

ဒါ့အပြင် စေတနာရှင်ပြည်သူတွေအနေနဲ့ သံဃမေတ္တာအဖွဲ့ရဲ့ ပြည်သူ့စောင့်ရှောက်ရေးလုပ်ငန်း တွေမှာ တက်စွမ်းသမျှပူးပေါင်း ပါဝင်ဖို့လည်း မိန့်ကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ နေ့စဉ်လိုလိုတိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပြည်သူတွေရဲ့ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ၊အဖိုးတန် ပစ္စည်းတွေကို ခိုးယူတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ခံရမှုအများဆုံး နေရာဖြစ်တယ်လို့ ISP Myanmar က ထုတ်ပြန်ထားတဲ့အချက်အလက် တွေအရသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – သံဃမေတ္တာ(ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.