“ဂျင်းမှန်းမသိဘဲ ဆက်ဆော့နေမိရင်တော့ တော်တော့ကို မွဲမဲ့ အကွက်ပဲဗျ၊ ဘဝပျက်မှာပဲ” လို့ ဆိုလာသူကတော့ အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ လောင်းကစားဂိမ်းတွေကို စွဲလမ်းခဲ့သူတစ်ဦးဖြစ်တဲ့ ကိုအောင်အောင် ဖြစ်ပါတယ်။ သူဟာ ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းတွေပိတ်ထားခဲ့ချိန်မှာ အွန်လိုင်းကနေ ကြေငြာနေတဲ့ ဂိမ်းတွေကို စိတ်ဝင်စားကာ ဆော့ရာမှ တဆင့် ငွေကြေးများစွာ ဆုံးရှုံးထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

စစဆော့ချင်းမှာတော့ မက်လောက်စရာငွေကြေးပမာဏတွေ အနိုင်ရခဲ့ပြီး နောက်ပိုင်းမှာတော့ ဂိမ်းနိုင်တာတောင် လျော်ကြေးတွေမရတော့လို့ ဆော့ရင်းဆော့ရင်းနဲ့ ဘဝပျက်မလိုအထိ ဖြစ်ခဲ့ရတာပါလို့ သူကပြောပါတယ်။

ယနေ့ခေတ်မှာတော့ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ လူတိုင်းနီးပါးဆိုသလို မိုဘိုင်းဖုန်းတွေ အသုံးပြုလာချိန်မှာပဲ စီးပွားရေးသမားတွေက အွန်လိုင်းအခြေခံပြီး ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ကုန်ပစ္စည်း ရောင်းဝယ် ဖောက်ကားမှုတွေနဲ့အတူ အွန်လိုင်းရှော့ပင်တွေ (Online Shopping)၊ အွန်လိုင်း လိုက်ဖ်ဆေး (Online LiveSale) တွေနဲ့အပြင် အွန်လိုင်းဂိမ်းတွေကိုလည်း ဖန်တီးမိတ်ဆက်လာခဲ့ပါတယ်။

အွန်လိုင်းကနေတဆင့် အခကြေးငွေနဲ့ လောင်းကစားပြုလုပ်နိုင်တဲ့ အွန်လိုင်းဂိမ်းတွေဟာလည်း အလျှိုလျှိုဆိုသလို ပေါ်ပေါက်လာနေပြီး သူတို့တွေက လူငယ်တွေကို ပစ်မှတ်ထားကာ နည်းလမ်းအမျိုးမျိုးနဲ့ စီးပွားရှာလာပါတယ်။

လူငယ်တွေကြားမှာ တွင်ကျယ်လာနေတဲ့ အခကြေးငွေနဲ့ အလျော်အစားပြုလုပ်တဲ့ တရားမဝင်ဂိမ်းတွေထဲမှာတော့ ငါးပစ်ဂိမ်း၊ စလော့ဂိမ်း၊ ဖဲဂိမ်းတွေပါဝင်နေတယ်လို့ ကိုယ်တိုင်ကစားခဲ့ကြသူတွေက ပြောပါတယ်။

ဒီဂိမ်းတွေရဲ့ ပုံစံဟာ ဆော့လိုသူတွေကို မက်လုံးနဲ့ အခြေခံပြီး လုပ်စားနေကြတာမျိုး ဖြစ်သလို ကနဦးမှာတော့ မပြောပလောက်တဲ့ ငွေပမာဏနဲ့ အကောင့်ကြေးသွင်းခိုင်းတဲ့ ပုံစံမျိုးဖြစ်ကာ အမှန်တကယ် ဆော့ကစားနိုင်တဲ့အခါမျိုးမှာတော့ ငွေကြေးပေးလျော်တာ မရှိဘူးလို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။

“လိုင်းပေါ်က ဂိမ်းဂရုထဲမှာတွေ့တယ်၊ အကောင့်ထဲကို ၁၀,၀၀၀ ထည့်ရင် ၁၀,၀၀၀ ထပ်ရမယ်ဆိုပြီး အကောင့်ဖွင့်မှာလားလို့ ပြောတယ်။ ကျွန်တော်က ၁၀,၀၀၀ အရင် ထည့်ပြီး ဝင်ဆော့တော့ ၅၀၀,၀၀၀ ကျော် နိုင်တယ်။ ပိုက်ဆံ ထုတ်မယ် ပြောတော့ ညကျတော့ ညထုတ်လို့ မရဘူး။ မနက်ကျမှ ထုတ်ပေးမယ် ဆိုပြီး မနက်ကျတော့ ဘလော့သွားတာ နိုင်တာကို လွှဲမပေးဘူး၊ ၅၇၀,၀၀၀ ကျော် ပါသွားတယ်။ ဂိမ်းထဲ ဝင်တာလည်း မရတော့ဘူး၊ သူပေးထားတဲ့ ဂိမ်းအကောင့်တွေပါ အကုန် ဖျက်ပစ်လိုက်တာ”လို့ ကြုံခဲ့ရတဲ့ အဖြစ်ကို ဖောက်သည်ချပါတယ်။

အွန်လိုင်း ဂိမ်းတွေထဲမှာ နာမည်အကြီးဆုံး တရားဝင်အဖြစ်ရပ်တည်နေတဲ့ ဂိမ်းမျိုးတွေလည်း ရှိနေပြီး အဲဒီအွန်လိုင်း ဂိမ်း ကုမ္ပဏီတွေကတော့ ရုရှား ဆိုက်ပရပ်စ် အခြေစိုက် (1xbet)နဲ့ အာရှအခြေစိုက် (SBOTop) တို့လို ဂိမ်းကုမ္ပဏီမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အဲဒီလို တရားဝင်လောင်းကစားဂိမ်းရဲ့ လက်ခွဲအေးဂျင့်တွေမှာတောင် ငွေကြေး မလျော်တဲ့ ပြဿနာတွေ ရှိနေတတ်တယ်လို့ အသက် (၂၆) နှစ်အရွယ် ဂိမ်းဝါသနာရှင် ကိုကျော်ကျော်က ပြောပါတယ်။

“တရားဝင်ဂိမ်းကုမ္ပဏီက အေးဂျင့်ယူထားတဲ့လူတွေတောင် မလျော်တာ အမြဲ ကြားနေရာတာပဲလေ။ အစပိုင်းမှာတော့ လောင်းကြေးကို ကြည့်လိုက်ရင် လောင်းဖို့ တအားဆွဲဆောင်တယ်။ အနည်းဆုံး မြန်မာငွေ ၁၅၀ ကျပ်က စလောင်းလို့ရတာ နော်။ ၁၅၀ ကျပ်ဆိုတာ ဆေးလိပ်တစ်လိပ်စာပဲရှိတာ။ နိုင်လိုက်ရင် ၁၅,၀၀၀ ရတာမျိုးပေါ့ နိုင်တာပဲဆိုပြီး လောင်းရင်းလောင်းရင်းနဲ့ ဘဝတွေ မျောကုန်တာ။ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများ ကြီးပဲ ရှိတယ်” လို့ သူက ပြောပါတယ်။

အွန်လိုင်းဂိမ်းတွေမှာ အမျိုး အစားပေါင်း ငါးရာကျော်ခန့်ရှိနေပြီး လူကြိုက်များပြီး ဝင်ရောက်လောင်းလေ့ရှိတဲ့ ဂိမ်းများကတော့ ငါးပစ်ဂိမ်း၊ စလော့ဂိမ်း၊ လိုက်ဖ် ကာစီနို၊ ရှမ်းကိုးမီး၊ ဖဲဂိမ်းအမျိုးမျိုးနဲ့ ဘောလုံးပွဲလောင်းခြင်းးတို့ ဖြစ်တယ်လို့ သိရပါတယ်။ အွန်လိုင်း လောင်းကစား ဂိမ်းတွေရဲ့ သဘာဝမှာ လောင်းရလွယ်ကူပြီး ပိုက်ဆံထုတ်ရ သွင်းရ လွယ်ကူခြင်းကလည်း သူတို့ရဲ့ အသက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ လောင်းရတာအရမ်းလွယ်လာသလို ပိုက်ဆံထုတ်ရတာလည်းအရမ်းလွယ်လာတယ်။ ဒီဟာကိုခုံမင်တဲ့သူကပိုများ လာတယ်။ လောင်းကစားတွေရဲ့ သဘောသဘာဝက အရင်ဆုံးတော့ ထိုးကျွေးမှာပဲ။ တခေါက်နှစ်ခေါက်လောက်တော့ ပေးနိုင်လျော်ပြမှာပဲ။ နောက်ပိုင်းကျရင် အမောင့်များလာတော့ ပေးမနိုင်တော့ဘူး။ လောဘတက်လာရင် မနိုင်တော့ဘူး။ ဆော့သူဆီက ပိုက်ဆံတွေ သဲ့ ယူတော့တာပဲ.” လို့ ကိုကျော်ကျော်က ပြောပါတယ်။

အဲဒီ အွန်လိုင်း ဂိမ်းတွေဟာ အမျိုးသားတွေကို အဓိက ဦးတည်ပြီး ပစ်မှတ်ထားတာဖြစ်တဲ့အတွက် အွန်လိုင်းကြော်ငြာ ကဏ္ဍမှာ လည်း Sexy မော်ဒယ်တွေကို အသုံးပြုပြီး ကြော်ငြာနေတာတွေအပြင် ဖေ့ဘုတ်ဆယ်လီတွေကို အသုံးချပြီး တွင်တွင်ကျယ်ကျယ် ကြော်ငြာနေကြပါတယ်။ လက်ရှိခေတ်ကာလ အခြေအနေမှာလည်း အလုပ်အကိုင်ရှားပါးနေတာကြောင့် ငွေကြေးမက်လုံးကို အဟုတ်ထင်ပြီး စမ်းကစားကြည့်ရာမှတဆင့် ငွေကြေးဆုံးရှုံးမှုတွေ ကြုံနေရတာ ဖြစ်တယ်လို့ ဂိမ်းကစားသူတွေက ပြောပါတယ်။

ကြည့်ရှုသူများပြားသည့် ရုပ်သံအစီအစဉ်တခုတွင် ကြေငြာထားသည့် အွန်လိုင်းဂိမ်းကြေငြာပုံ ….

“ဂိမ်းကို ဘာကြောင့် ဆော့ဖြစ်လည်း ဆိုတော့ ကျောင်းတက်နေတော့ ဘာမှ လုပ်စရာ မရှိတော့ ဆော့ဖြစ်သွားတာပေါ့၊ လောင်းကစား ဂိမ်းတွေကို ကြော်ငြာ ပေးတဲ့သူကလည်း ကြော်ငြာ ပေးနေတယ်လေ။ ဆော့တဲ့ သူကလည်း လိုက်ဆော့ ကြည့်တာပေါ့။ စစဆော့ချင်းတော့ သူတို့က အနိုင်ပေးတာပေါ့ဗျာ။ ဂျင်းမှန်း မသိဘဲ အမြဲတမ်း ဆက်ဆော့ရင်တော့ ဒါတော်တော်ကို မွဲမယ့် အကွက်ဗျ၊ ဘယ်လိုမှ မနိုင်နိုင်ဘူး၊ ဘဝပျက်တာ များတာပေါ့ဗျာ”လို့ ဂိမ်းကစားသူတစ်ဦးက ရင်ဖွင့်ပါတယ်။

ဂိမ်းအများစုဟာ လူတွေရဲ့ နိုင်လိုစိတ်နဲ့ လောဘရဲ့ အခြေခံသဘောတရားတွေကို သိရှိထားတာကြောင့် မန်ဘာအသစ် ဝင်ပြီးဆော့တဲ့ သူတွေကို အတိုင်းအတာ တစ်ခုထိ အနိုင်ပေးတာမျိုးတွေလည်း ရှိပါတယ်။ ငွေကြေးထည့်လိုက်၊ အနိုင်ရရင် ငွေပြန်လွှဲပေးလိုက်နဲ့ ဆော့ကစားသူတွေရဲ့ ယုံကြည်မှုကို အရင်တည်ဆောက်တာမျိုးတွေ လုပ်ဆောင်နေတာပါ။

နောက်ပိုင်းမှာတော့ တဖြေးဖြေးနဲ့ ငွေကြေးများများ ထည့်ဝင်လာပြီး ဂိမ်းကိုစွဲလမ်းလာတဲ့ အချိန်မှာတော့ လျော်ကြေး မလျော်တော့တာမျိုး၊ ဘယ်လောက်ဆော့ဆော့ အနိုင်မရတာမျိုးတွေ ဖြစ်လာရင်းနဲ့ကို နှစ်လုံးထီကို စွဲလမ်းသလို မဆော့ရ မနေနိုင်တွေ ဖြစ်လာပြီး မွဲဆေးဖော်သလို ဖြစ်ပြီး လုံးပါးပါးလာကြတာပါ။

အွန်လိုင်းလောင်းကစား ဂိမ်းတွေဟာ လူငယ်တွေထဲကို အတော်လေး စိမ့်ဝင်ပျံ့နှံ့နေပြီး မိဘတွေအနေနဲ့ သားသမီးတွေရဲ့ အမူအကျင့်ပြောင်းလဲမှုတွေ၊ ငွေကြေးသုံးစွဲမှုတွေကို သတိထားပြီး လေ့လာဆန်းစစ်ဖို့ လိုနေတယ်လို့လည်း အွန်လိုင်းဂိမ်း ကြောင့် ဘဝပျက်မတတ်ဖြစ်ခဲ့ရသူရဲ့ မိဘတစ်ဦးက အကြံပေးပါတယ်။

“ကျွန်မကို သားက မေ့မေ့မှာ Wave Money ငွေရှိရင် သားကို ၅,၀၀၀ လောက် ထည့်ပေးပါလား။ ဖုန်းဘေလ်ထည့်ချင်လို့ ဘာညာနဲ့ ပြောတာ။ အစပိုင်းမှာ သတိမထားမိပေမယ့် နောက်ပိုင်းကျတော့ K-Pay ကနေ ထည့်ခိုင်းလိုက်၊ Wave Money ကနေထည့်ခိုင်းလိုက်နဲ့ ဆိုတော့ မသင်္ကာချင်တော့ဘူး။ အဲဒီအချိန်မှာပဲ သူ့သူငယ်ချင်းတွေ အကောင့်ရှိတဲ့လူတွေဆီက သူချေးထားတာ ၇၀၀,၀၀၀ နီးပါး ရှိနေတာကို သိလိုက်ရတာ” လို့ ပြောပြပါတယ်။

“ကျွန်မတို့ အသိမြန်လို့ အကုန်ဆပ်ပေးလိုက်တယ်။ သူလည်းတော်တော် နောင်တရ သွားပြီး နောက်ကို ပိုက်ဆံဂိမ်းတွေ မဆော့တော့ပါဘူးလို့ ပြောတယ်။ ဒါကြောင့် မိဘတွေကိုပြောချင်တာက အရွယ်ရောက်ပြီဆို ပြီး လွှတ်ထားလို့ မရပါဘူး။ အမြဲ သတိမလစ်ပဲ စောင့်ကြည့်ဖို့လိုတယ်။ အခုခေတ်က ပျက်စီးနိုင်မယ့် လမ်းကြောင်းတွေချည်းပဲ တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ပေါများနေတာ” လို့လည်း သတိပေးပါတယ်။

လက်ရှိမှာတော့ အခကြေးငွေနဲ့ ဆော့ရတဲ့ အွန်လိုင်း ဂိမ်းတွေဟာ သူတို့ စိတ်ကြိုက် ဆော့ဝဲလ်တွေ ရေးသားပြီး နည်းအမျိုးမျိုးနဲ့ လိမ်လည်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တချို့ ဂိမ်းတွေဟာ ဆိုရင် အုပ်စုလိုက် အေဂျင့်တွေနဲ့ လုပ်ကိုင်ကြတာ ဖြစ်ပြီး ဆယ်ခါ တစ်ခါ ကံကောင်းလို့ ငွေပမာဏများများနဲ့ နိုင်ခဲ့ရင်တောင်မှ ငွေကြေး မထုတ်ပေးတာတွေ ရှိသလို မိမိ အကောင့်တွေကိုလည်း စိတ်ကြိုက် လုပ်ဆောင်တာတွေ ရှိတယ်လို့ ဂိမ်းကစားလို့ နိုင်ပြီး ငွေကြေး မထုတ်ပေးဘဲ လိမ်လည်ခံ ရတဲ့ လူငယ် တစ်ဦးက သူ့အဖြစ်ကို ပြောပြခဲ့ပါတယ်။

အွန်လိုင်းဂိမ်းကစားနေသူတဦး …..

ဒီလိုငွေမထုတ်ပေးတာမျိုးကြုံရပေမဲ့လည်း တရားမဝင်ဂိမ်းတွေဖြစ်တာကြောင့် တိုင်ကြားစရာနေရာမရှိသလို နိုင်တဲ့ ငွေကြေးသာမက မိမိရင်းနှီးထားတဲ့ ငွေကြေးတွေလည်း ဆုံးရှုံးတာကို ကြုံနေရတာပါ။

ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း ဝါရင့် ဂိမ်းတင်ဆက်သူ တစ်ဦးကတော့ လက်ရှိ အွန်လိုင်းလောင်းကစား ဂိမ်းတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အခုလိုပဲ ပြောပါတယ်။

“လောင်းကစားကို တရားဝင် လက်ခံထားတဲ့ နိုင်ငံတွေမှာက သူတို့ရဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ထားပြီးသား။ ဥပမာပေါ့ဗျာ သူတို့မှာ ဂိမ်းတစ်ခုကို (၁၀၀)ရာခိုင်နှုန်း ဆော့တဲ့သူ ရှိရင် အဲ့ဒီထဲက (၉၀) ရာခိုင်နှုန်းဖြစ်ဖြစ် (၉၂) ရာခိုင်နှုန်း ဖြစ်ဖြစ် ဆော့တဲ့ သူတွေကို ပြန်လျော်ကို လျော်ပေးရတယ်။ နိုင်ငံ အလိုက် ပြန်လျော် ပေးရတဲ့ နှုန်းထားတွေ မတူပေမယ့် သူတို့ ဂိမ်းတွေမှာ ဘယ်လောက်ပြန်လျော် ပေးလည်းဆိုတာကို တရားဝင်း ချပြထားတယ်။ ဘာလို့ဆို သူတို့ကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း ရှိတော့ မလျော်ရင် သူတို့ အတွက် ပြသနာရှိနိုင်တယ်”လို့ ပြောပါတယ်။

အွန်လိုင်း လောင်းကစား ဂိမ်းတွေဟာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲလ်တွေ အသုံးပြုပြီး လုပ်ဆောင်နေတာ ဖြစ်တာကြောင့် အချိန်ကာလရှည်ကြာ စွဲဆော့ပါက နိုင်ခြေမရှိအောင် ရေးဆွဲထားပြီးသားလို့လည်း ဂိမ်းလေ့လာသူတွေက ထောက်ပြထားပါတယ်

“ဥပမာ သူတို့ဂိမ်းတွေကို လူအယောက် ၁၀၀ ဆော့မယ် ဆိုပါစို့၊ အဲ့ဒီ အယောက် ၁၀၀ ရဲ့ ဆော့တဲ့ ငွေက ၁၀၀,၀၀၀ ရှိရင် အဲ့ဒီထဲက ၄၀,၀၀၀ လောက် ပြန်လျော်တာတို့ ၃၀,၀၀၀ လောက်ပဲ ပြန်လျော်တာတို့ကို သူတို့ စိတ်ကြိုက် လုပ်ဆောင်ပြီး ကျန်တဲ့ ငွေကြေးတွေကိုတော့ တရားမဝင်ဂိမ်း တည်ထောင်သူ အေဂျင့်တွေက မိနစ်ပိုင်း စက္ကန့်ပိုင်း အတွင်းမှာပဲ အလွယ်တကူ ရရှိနေပါတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တရားမဝင် အွန်လိုင်းဂိမ်းတွေ ဟာဆိုရင် ကျယ်ကျယ်ပြန့်ပြန့် တရားဝင် ပုံစံ ပြန့်နှံ့လာပြီး လူငယ်တွေ အကြားမှာ ခေတ်စား နေတာ ဖြစ်ပါတယ်။ အခုလို တရားမဝင် ဂိမ်းတွေကြောင့် လူငယ်တွေ ဘဝပျက်တဲ့ အထိ ဖြစ်ပေါ်တာတွေ ရှိပေမယ့် စစ်ကောင်စီကတော့ တရားမဝင် ဂိမ်းတွေကို ဖမ်းဆီး အရေးယူ တာတွေ မရှိတဲ့ အပြင် တရားဝင် ပုံစံ ကြော်ငြာ နေသူတွေကိုလည်း မျက်ကွယ် ပြုထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အလုပ်အကိုင်ရှားပါးနေခြင်း၊ ကျောင်းတက်ရောက်ဖို့ ခက်ခဲခြင်းတွေကြောင့် ဒီဂိမ်းတွေရဲ့ အန္တရာယ်က ဆက်လက်ရှိနေဦးမှာဖြစ်ပြီး ကိုယ့်အသိစိတ်နဲ့ ကိုယ်ရှောင်ရှားဖို့သာ လိုနေတယ်လို့ ဂိမ်းလောင်းကစားကြောင့် ငွေကြေးအမြောက်အများ ဆုံးရှုံးဖူးသူတွေက ဆိုပါတယ်။

“ဒီမှာက တရားမဝင်တော့ သူတို့လျော်လည်း ရတယ်၊ မလျော်လည်း ရတယ်ဆိုတော့ ဆော့တဲ့သူတွေ ခံပေါ့ဗျာ ခပ်ရိုင်းရိုင်းပြောရင် အချောင်ရတဲ့ ပိုက်ဆံဗျ၊ အကျိုးလည်း မရှိဘူးရယ် အချောင်ရတော့ မြန်မြန်ပြန်ကုန်တာပဲ၊ မလောင်းရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ဒီစိတ်တွေက တားဆီးခက်တယ်ဗျ ကိုယ်ဖြစ်ကိုယ်ခံရမှာ လောဘ မသတ်နိုင်ရင်တော့ ဘဝပျက်မှာ” လို့ ကိုကျော်ကျော်က သတိပေးလိုက်ပါတယ်။

(မှတ်ချက် − ဆောင်းပါးတွင် ပါဝင်သည့် အမည်များကို လွှဲပြောင်း ဖော်ပြထားပါသည်)

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.