မော်လမြိုင်၊ အောက်တိုဘာ(၁၄)

မွန်ပြည်နယ်၊ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုမှာ စစ်ကောင်စီအနေနဲ့ တဖက်သတ်စွပ်စွဲနေတာ မလုပ်ဘဲ ဘယ်သူလက်ချက်လဲဆိုတာ CCTV ကင်မရာကို ပွင့်လင်းစွာ ချပြဖို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တုံ့ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးက စစ်ကောင်စီ လုံခြုံရေးဂိတ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က အနီးကပ်သွားရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း ဘုရားဖူးအရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီကတော့ ဒီတိုက်ခိုက်မှုဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၁) နဲ့ NUG ၊ CRPH တို့ရဲ့ လက်ဝေခံ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိစေခဲ့တာလို့ စွပ်စွဲထားတာပါ။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ ဒီပစ်ခတ်မှုမှာ ပြည်သူတွေကို ဘယ်အဖွဲ့ပစ်လဲဆိုတာ စစ်ကောင်စီအနေနဲ့ CCTV ကင်မရာကို လူထုထံ ချပြရဲဖို့ လိုတယ်လို့ ပြောပါတယ်။

“ဘုရားဖူးပြည်သူတွေကို ဘယ်အဖွဲ့အစည်းတွေက ပစ်သတ်လဲ ပစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ။အဲဒီမှာ တောင်တက်ကားဂိတ်တွေမှာCCTV ကင်မရာ အလုံးပေါင်းများစွာ ရှိတယ်။အဲဒီမှတ်တမ်းကနေ ကျွန်တော်တို့ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြရဲဖို့ပဲ လိုတာပေါ့။ပွင့်ပွင့်လင်းလင်း ချပြရဲရင် အဲဒီမှာ ဘယ်သူတိုက်ခိုက်လဲဆိုတာကို သိသွားမှာပေါ့” လို့ သူက ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကလည်း အပစ်ရပ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) အနေနဲ့ PDF နဲ့ KNLA တပ်မဟာ (၁) က တပ်ဖွဲ့ဝင်တွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပြီး တရားဥပဒနဲ့အညီ ထိရောက်အရေးယူမှုတွေကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားရမယ်လို့ ထုတ်ပြန်ပါတယ်။

KNU သထုံခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအေးနိုင်ကလည်း ထိခိုက်သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိမှုဟာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာကြောင့် သေဆုံးတာကြောင်း သတင်းရထားတယ်လို့ ပြောပါတယ်။

“ကျွန်တော်သိရှိချက်အရ KNLA မပါဘူး၊ဒါပေမယ့် အဲဒီမှာ ဖွဲ့စည်းထားတဲ့ ကျေးရွာအုပ်စုမှာ အဖွဲ့တွေရှိတယ်။ PDF နဲ့ ပေါင်းပြီးတော့ ဂိတ်စခန်းကို သွားပစ်တာ၊ ဒီလိုပဲ သတင်းရတယ်။ဒါပေမယ့် ဒဏ်ရာရရှိတာကတော့ သိရှိချက်အရ စကစကပဲ ပြန်ပြီး လက်နက်ကြီးပစ်တာတော့ ထိခိုက်ဒဏ်ရာရတယ်လို့တော့ သတင်းရတယ်။ဒါပေမယ့် သတင်းအတည်ပြုနိုင်ရေးအတွက် သတင်းအချက်အလက်တိကျမှန်ကန်ဖို့ ပြန်ပို့ပေးဖို့ ပြောထားတယ်၊ အခုချိန် မပေးလာသေး‌‌တော့ အတည်ပြုပြောလို့ မရဘူးဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအပေါ် နှစ်ဖက်အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပစ်ခတ်မှုအနီးပတ်ဝန်းကျင်မှာ ပုန်းအောင်းနေရတဲ့ ဒေသခံတစ်ဦးကလည်း ပစ်ခတ်မှု ဖြစ်စဉ်အပေါ် အခုလိုပဲ ပြောပါတယ်။

“မျက်မြင်တော့ မရှိဘူးပေါ့လေ၊ ကျွန်တော်တို့ ပစ်ခတ်မှုဖြစ်တယ်ဆိုတော့ အကုန်လုံး ပုန်းကြပေါ့။တစ်ဖက်က လာပစ်သွားတယ်၊ တစ်ဖက်က ခုခံတာ။ကားနဲ့ဝင်ပြီးတော့ ကျိုက်ထီးရိုးတောင်တက်ဂိတ်က အပေါက်နှစ်ပေါက်ရှိပါတယ်။အဆင်းပေါက်မှာ ရဲကင်းစောင့်ရပါတယ်၊ အဲဒီအဆင်းပေါက်ဘက် အောက်ကားလမ်းကနေပြီးတော့ လှမ်းပစ်သွားတာ။ပစ်ပြီးသွားတော့ သူတို့က (ရဲတပ်ဖွဲ့) ချက်ခြင်းပြန်ပစ်တာပေါ့၊ ခုခံတော့ ဟိုဘက်အဖွဲ့အစည်းကလည်း ကားမောင်းပြီး ထွက်သွားတယ်။အဲဒီနေရာက ဆိုင်တန်းလည်း ဖြစ်တယ်၊ဘုရားဖူးအတက်အဆင်း ကားချတဲ့နေရာဖြစ်တော့ အဲဒီအချိန် ဘုရားဖူး ထိသွားတာ”လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ဒီပစ်ခတ်မှုမှာ ပြည်သူတွေ လွတ်ရာကို ပုန်းဝပ်နေရတဲ့အတွက် ဘယ်အဖွဲ့ရဲ့ ကျည်ဆံကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရခဲ့လဲဆိုတာ အတိအကျပြောလို့ မရနိုင်ဘဲ CCTV ကင်မရာကသာ အတည်ပြုနိုင်မယ်လို့ ဒေသခံက မှတ်ချက်ပြုပါတယ်။

ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အတွင်းမှာ CCTV ကင်မရာတပ်ဆင်ထားသလို အချို့ ဆိုင်ခန်းတွေကလည်း လုံခြုံရေးအတွက် ကိုယ်ပိုင် CCTV ကင်မရာ တပ်ဆင်ထားတာရှိတယ်လို့ ဒေသခံက ဆိုကြပါတယ်။

ပစ်ခတ်မှုပြီးနောက် အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး ဘုရာဖူးပြည်သူ မရှိသလောက် နည်းပါးသွားသလို စစ်ကောင်စီဘက်ကလည်း တောင်တက်ကားဂိတ်အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေး အင်အား တိုးမြှင့်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.