မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အညာဒေသလို့ဆိုလိုက်ရင် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို အံတုပြီး ရှင်သန်နေကြတဲ့ အုပ်ဆိုင်းဆိုင်း ထနောင်းပင် ကြီးကြီးငယ်ငယ်တွေ၊ ထန်းပင်၊ ထန်းတောတွေကို မြင်တွေ့ကြရမှာပါ။ ဒီထနောင်းပင်တွေနဲ့ ထန်းပင်တွေအကြားက လယ်ကွင်းပြင်တွေမှာ နွားတွေ၊ နွားလှည်းတွေနဲ့ လုပ်ငန်းခွင်ဝင်နေကြတဲ့ မြင်ကွင်းဟာလည်း အညာရဲ့အလှတရားဖြစ်ပါတယ်။
ပွင့်လင်းရာသီရောက်လို့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပွဲတော်တွေမှာလည်း နွားနဲ့လှည်းကို အသုံးပြုတတ်ကြပြီး ပွဲတော်ရှိရာကို နွားလှည်းတွေနဲ့ စီတန်းပြီး သွားရောက်ကြတာဟာလည်း အညာဒေသရဲ့ ချစ်စရာဓလေ့တစ်ခုပါပဲ။ အခုတော့ ဒီလို ချစ်စရာ အညာဓလေ့တွေဟာ စစ်အာဏာရှင်တစ်စုကြောင့် မီးလောင်ပြာကျခဲ့ရတဲ့ နေအိမ်တွေနဲ့ အရုပ်ဆိုး အကျည်းတန်စရာ၊ စိတ်မကောင်းစရာတွေဖြစ်လာနေပြီး အညာသူ အညာသားတွေဟာလည်း စစ်ပြေးဒုက္ခသည်တွေ ဖြစ်လာနေပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့မှ စစ်ပြေးဒုက္ခသည်ပေါင်း ၁၅ သိန်းရှိလာပြီလို့ ဆိုပါတယ်။ ဒီအထဲမှာ အညာဒေသ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသတွေက စစ်ပြေးဒုက္ခသည် အများဆုံးဖြစ်နေပါတယ်။
အာဏာရှင်အဆက်ဆက် ဘယ်တုန်းကမှ စစ်ပြေးဒုက္ခသည်မရှိခဲ့ဖူးတဲ့ အညာဒေသဟာ အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်မှတော့ စစ်ပြေး၊ စစ်ရှောင်ဒုက္ခသည် သိန်းနဲ့ချီ ပေါ်ပေါက်လာခဲ့ပါတယ်။ ထနောင်းပင်နဲ့ ထန်းပင်တွေကြား တစ်ချိန်က အညာရဲ့အလှတရားဖြစ်ခဲ့တဲ့ နွားလှည်းတွေဟာလည်း ဘေးလွတ်ရာ ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည်လှည်းတွေအဖြစ် အကျည်းတန်လာခဲ့ပါပြီ။
အညာရဲ့ ခုခံအားနဲ့ တော်လှန်စိတ်
စစ်ကောင်စီကို တော်လှန်ရာမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲက အညာဒေသဟာလည်း ခုခံအားကောင်းတဲ့ ဒေသတစ်ခုဖြစ်လာပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံအဝှမ်းတိုက်ပွဲပေါင်း ၆,၆၇၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ISP Myanmar က ဆိုပါတယ်။ ဒီတိုက်ပွဲတွေဟာ ကရင်ပြည်နယ်ကလွဲရင် အညာဒေသ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ အများဆုံးဖြစ်ပွားခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ အခြေစိုက်ရာ ဒေသမဟုတ်တဲ့ အညာမှာ ဒီလိုတိုက်ပွဲပေါင်း မြောက်များစွာဖြစ်ပွားခဲ့တာဟာ အညာဒေသရဲ့ ခုခံအားနဲ့ တော်လှန်စိတ်ကို ပြသနေပါတယ်။
ဒီအချက်ကြောင့်ပဲ စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေကတစ်ဆင့် ဘက်ပေါင်းစုံ ထိုးစစ်ဆင်ပါတယ်။ စစ်ကောင်စီတပ်သားတွေ ထိုးစစ်ဆင်လာတဲ့အခါ နွားလှည်းတွေ၊ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေနဲ့ တိမ်းရှောင်ကြရတဲ့ အညာသူ၊ အညာသားတွေရဲ့ ပုံရိပ်တွေကို တွေ့မြင်လာရပါတယ်။
စိတ်ကျန်းမာရေး ချို့တဲ့သူကိုပင် သတ်ဖြတ်
ရွာတွေထဲကို စစ်ကောင်စီ တပ်သားတွေ စစ်ကြောင်းထိုးလာပြီဆိုရင် စီးစရာယာဉ်တမျိုးမျိုး၊ အညာသူအညာသားတွေရဲ့ လက်စွဲတော် နွားလှည်းစတာတွေနဲ့ အလျင်အမြန် တိမ်းရှောင်ကြရတာပါ။ ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေမှာ အသက်ကြီးရင့်သူတွေ၊ ပြေးလို့မလွတ်သူတွေ ကျန်ခဲ့ရင်လည်း စစ်ကောင်စီတပ်သားတွေက အလွတ်မပေးဘဲ ဖမ်းဆီးနှိပ်စက်တယ်လို့ အညာဒေသခံတွေက ဆိုပါတယ်။
ဒီအထဲမှာ စိတ်ကျန်းမာရေး မကောင်းသူကိုပင် စစ်ကောင်စီက သတ်ဖြတ်ကြတယ်လို့ စစ်ကောင်စီ တပ်သားတွေလက်ချက်ကြောင့် အကိုဖြစ်သူ သေဆုံးခဲ့ရတဲ့ ပေါက်ဒေသခံ ကိုဟိန်းပြည့်က ပြောပါတယ်။
“အစ်ကိုက စိတ်ဝေသနာသည်ဆိုတော့ စိတ်ကမှန်တဲ့အချိန်မှန်၊ မမှန်တဲ့အချိန်မမှန်နဲ့ သူတို့လာတဲ့အချိန်မှာ မသွားနဲ့လို့ပြောတဲ့အချိန် စစ်ကြောင်းနဲ့တိုးသွားပြီး ကျွန်တော့်အစ်ကိုကို လက်မြှောက်ဒူးထောက်ဆိုပြီး အနီးနားက ဒီးဒုတ်ကွင်းဆိုတဲ့ရွာလေးကို ခေါ်သွားပြီးတော့ နောက်ပိုင်းကျ ဘာအဆက်သွယ်မှမရတော့ဘူး သတ်ပစ်လိုက်တယ်လို့ပဲ ကျွန်တော်တို့ ကြားလိုက်ရတယ်” လို့ ကိုပြည့်ဟိန်းက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်ထိ စစ်ကောင်စီတပ်သားတို့ရဲ့ လက်ချက်ကြောင့် နိုင်ငံအဝှမ်းမှ ကျဆုံးသူပေါင်း ၂၃၄၂ ဦး ရှိပြီလို့ဆိုပါတယ်။ ဒီလို သေဆုံးခဲ့သူတွေထဲမှာ စိတ်ကျန်းမာရေးချို့တဲ့တဲ့ ကိုပြည့်ဟိန်း အကိုဖြစ်သူတို့လည်း ပါဝင်နေမှာ သေချာပါတယ်။
တောထဲရောက် စစ်ရှောင် တာဇံများ
မြေပြင်ကသာမက ဝေဟင်ကပါ စစ်ကြောင်းထိုးလေ့ရှိတဲ့ စစ်ကောင်စီကြောင့် နယ်မြေဒေသအရ ပုန်းရှောင်စရာ သိပ်မရှိလှတဲ့ အညာဒေသခံတွေအတွက် ခြုံနဲ့ တောအနည်းငယ်ထူထပ်တဲ့နေရာတွေဟာ သူတို့နေအိမ်တွေ ဖြစ်လာနေတယ်လို့ အညာဒေသခံ ကိုနွေဦးက ပြောပါတယ်။
“အရင်ကတော့ ရွာကနေ တောပေါ့၊ ခုကတော့ တောကရွာဖြစ်နေပြီ တောမှာပဲလုံခြုံတယ်လို့ ထင်ကြတာပေါ့ လေယာဉ်တွေဘာတွေလာမှာလဲ ကြောက်ကြတယ် ရွာထဲကိုတော့ ခဏတဖြုတ်ဝင်လာတယ် စျေးဝယ်ပြီးကိုယ်လိုချင်တာလေးတွေ ယူပြီးတော့ တောပြန်သွားတယ် ပြောင်းပြန်ဖြစ်သွားတာပေါ့ နဂိုကတော့ အိမ်ကနေတောကိုသွားရတာ ခုကတော့ တောကနေအိမ်ကို လာရတယ် အဲလိုအနေထားမျိုးရှိလာတယ်” လို့ ကိုနွေဦးက ပြောပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ် တစ်ခုတည်းမှာပဲ ရွာပေါင်း ၂၆ ရွာက နေအိမ်အလုံးပေါင်း ၈၀၅ လုံး မီးရှို့ခံခဲ့ရပြီး လူဦးရေ ၄၅၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်လို့ ကိုနွေဦးက ဆိုပါတယ်။ ဒီလူတွေဟာ တောတွေထဲမှာ သစ်ဝါးရှာပြီး မိုးကာတွေနဲ့ စစ်ရှောင်တဲတွေထိုးပြီး နေနေကြရတယ်လို့လည်း ကိုနွေဦးက ပြောပါတယ်။
ဒါ့အပြင် ပေါက်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်သားတွေ မကြာခဏ စစ်ကြောင်းထိုး နေတာကြောင့် ထမင်းပင် ဖြောင့်ဖြောင့်မစားနိုင်တဲ့ အခြေအနေ ကြုံနေရတယ်လို့လည်း စစ်ဘေးရှောင်နေရသူ မနှင်းဆီက ဆိုပါတယ်။
“ထမင်းစားမလို့ ရှိသေးတယ် လေယာဉ်ပျံတွေကလာတယ်၊ အဲတော့ ထမင်းခွက်ကြီးကိုင်ပြီးတော့ လျှောက်ပြေးရတာ အဲဒါပြီးတော့လေယာဉ်က နှေးနှေးနဲ့ ပျံပြီးအနီးနားက နေရာတွေကို လျှောက်ပစ်တယ် ထမင်းခွက်ပြီးကိုင်ပြီး ကြောက်နေရတာ” လို့ သူက ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်ဖို့ အချိန်တိုင်း အသင့်ရှိနေရပြီး အရေးကြီးစာရွက်စာတမ်းတွေနဲ့ အဝတ်အထည်တွေကို ထုပ်ပိုးထားရပြီး တောထဲကို အချိန်မရွေး ရှောင်ပြေးနိုင်မယ့် တာဇံတွေ ဖြစ်လာနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဆေးဝါးနဲ့ ရိက္ခာ လိုအပ်ချက်များလာ
ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင် ဒုက္ခသည် ၅၃၄,၀၀၀ နီးပါးရှိနေပြီး မကွေးတိုင်းအတွင်းမှာတော့ ၁၇၀,၀၀၀ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီ စစ်ပြေးဒုက္ခသည်တွေဟာ ရိက္ခာအတွက် ဆန်အပ်နေပြီး မြောက်များလှစွာသော ဒုက္ခသည်တွေထဲမှာ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တာကြောင့် ဆေးဝါးလိုချက်လည်း ရှိနေတယ်လို့ သိရပါတယ်။
မြင်မြင်ရာ ပစ်ခတ်၊ ရမ်းကားကြတဲ့ စစ်ကောင်စီတပ်သားတွေကြောင့် အရပ်လေးမျက်နှာ ဘေးလွတ်ရာကို ရှောင်တိမ်းရတဲ့အတွက် သောက်ရေမရှိတာမျိုး၊ တချို့မှာကတော့ မသန့်တဲ့ရေတွေကို သောက်ကြရတဲ့ အခက်အခဲတွေလည်း ရှိနေပါတယ်။
စစ်ဘေးရှောင်နေရတဲ့ လက်လုပ်လက်စားတွေအနေနဲ့ အလုပ်မရှိတာကြောင့် ကြပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရပြီး ဆန်ကို ပြည်ကောက်အလိုက် ဝယ်စားနေရပေမဲ့ ရောင်းချလိုသူနည်းတဲ့အတွက် အခက်ခဲတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေကလည်း ဆေးဝါးဝယ်ယူတာမျိုး၊ လက်ဝယ်ရှိတာမျိုးတွေ့ရင် ဖမ်းဆီးစစ်ဆေးတတ်တာကြောင့် ဆေးဝါးရှားပါးမှုဒဏ်ခံနေရပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးမယ့်သူ (ဆေးထိုးပေးမယ့်သူ)တွေပါ ရှားပါးလာတယ်လို့လည်း ဆိုပါတယ်။
“အဓိကကတော့ အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျသွားမှပဲ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ကူညီလို့ရမယ် ဒါမှပြည်သူလူထုတွေကလည်း လက်တွဲညီညီနဲ့ ကူညီလိုက်လို့ရှိရင် နေရာတကျဖြစ်သွားရင် အေးချမ်းသွားမယ် အဓိကကူညီနေရတဲ့ အကြောင်းရင်းက စစ်တပ်က အကြမ်းဖက်သတ်ဖြတ်နေလို့ ကျွန်တော်တို့က ကူညီနေရတာဖြစ်တယ် ဒါတွေမရှိရင် ကူညီစရာ အဲလောက်ဒုက္ခသည်တွေလည်း များမှာမဟုတ်ဖူး” လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကိုနွေဦးက ပြောပါတယ်။
အပူဒဏ်မခံနိုင်တော့တဲ့ အညာဒေသခံများ
မိုးနည်းပြီး ပူပြင်းတဲ့ရာသီဥတုရှိတဲ့ စစ်ကိုင်းနဲ့ မကွေးဒေသတွေက ဒေသခံတွေဟာ ပူပြင်းတဲ့ရာသီဥတုဒဏ်ကို ခံနိုင်တဲ့ အညာသူ၊ အညာသားတွေဖြစ်ကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီက နေအိမ်တွေကို မီးရှို့တဲ့အပူဒဏ်ကိုတော့ သူတို့မခံနိုင်ကြရှာပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်အထိ နိုင်ငံအနှံ့က ပြည်သူတို့ရဲ့ အိုးအိမ်ပေါင်း ၃၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ISP Myanmar က ဆိုပါတယ်။ ဒီအထဲမှာ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့အိုးအိမ်ပေါင်း ၂၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မကွေးတိုင်းထဲက အိုးအိမ်ပေါင်း ၈၂၀၀ နီးပါး ဖျက်ဆီးခံခဲ့ကြရပါတယ်။ ဒီအရေအတွက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို အများဆုံး ဖျက်ဆီးခံရတာဖြစ်ပါတယ်။
နေအိမ်ပေါင်း သောင်းနဲ့ချီဖျက်ဆီးခံရ၊ ဒုက္ခသည်ပေါင်း သိန်းနဲ့ချီဖြစ်ခဲ့ကြရတဲ့ အညာသူ၊ အညာသားတွေဟာ သူတို့ဒေသမှာပေါက်တဲ့ ရာသီဥတုဒဏ်ခံနိုင်တဲ့ ထနောင်းပင်တွေလိုပဲ အာဏာရှင်ရဲ့ ရက်စက်မှုဒဏ်ကို ကြံ့ကြံ့ခံရင်းတွန်းလှန်နေဦးမယ်ဆိုတာတော့ ယုံမှားသံသယဖြစ်ဖွယ်မရှိပါဘူး။ ထနောင်းပင်တွေဟာ ရာသီဥတုကြမ်းတမ်းတဲ့ဒဏ်ကို ခံနိုင်ရည်ရှိသလို ရန်ပြုလာသူတွေကိုလည်း တွန်းလှန်ဖို့ ဆူးတွေရှိနေတယ်ဆိုတာ အသေအချာပါပဲ။
သံလွင်တိုင်းမ်