နယူးဒေလီ၊  အောက်တိုဘာ (၉)

သတင်းအချက်အလက်နည်းပညာ ကဏ္ဍမှာ လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လို့ဆိုပြီး မြန်မာ၊လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေမှာ အ တင်းအကြပ်ခိုင်းစေခံထားရတဲ့ အိန္ဒိယနိုင်ငံသား (၁၃၀)ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

အဲဒီလုပ်သားတွေဟာ ဒစ်ဂျစ်တယ် ငွေကြေးလုပ်ငန်းတွေ၊ Crypto ငွေကြေးအတုတွေ ဖန်တီးတဲ့ ကုမ္ပဏီတွေမှာ  ဆိုက်ဘာ လိမ်လည်မှုတွေပြုလုပ်ဖို့ အတင်းအကျပ် စေခိုင်းခံခဲ့ရတာ ဖြစ်ပြီး အဲဒီလူတွေ အားလုံးကို အခုချိန်မှာ ကယ်ဆယ်နိုင်ခဲ့ပါပြီလို့ အိန္ဒိယနိုင်ငံရဲ့ ပြည်ပရေးရာ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာပါ။

အဲဒီ ကုမ္ပဏီတွေဟာ  ဒူဘိုင်း၊ ဘန်ကောက်နဲ့ အခြားသော အိန္ဒိယရှိ မြို့တော်တွေမှာ  အေးဂျင့်တွေကနေတဆင့် လုပ်ငန်း ဆောင်ရွက်တာဖြစ်ပြီး  ထိုင်းနိုင်ငံမှာ လုပ်ခလစာကောင်းတဲ့ အလုပ်ခေါ်စာ အတုတွေကို  ဖြန့်ဝေပြီး အိန္ဒိယနိုင်ငံသား လုပ်သားတွေကို ခေါ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

လုပ်သားအတော်တော်များများဟာ ဒေသတွင်းလုံခြုံရေးအခြေအနေ မတည်ငြိမ်တဲ့ မြန်မာနိုင်ငံရဲ့ ဧရိယာအတွင်းကို နယ်စပ်မှ တဆင့် တရားမဝင်ခေါ်ဆောင်ခြင်းခံခဲ့ရတာပါ။

လိမ်ညာခေါ်ဆောင်ခြင်းခံခဲ့ရတဲ့  အိန္ဒိယနိုင်ငံသား ၅၀ ကို မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ခေါ် ဆောင်ထားခဲ့ပြီး ကျန်ရှိနေတဲ့ သူတွေကတော့ မြန်မာနိုင်ငံအတွင်းကို ဗီဇာမရှိပဲ ဝင်ရောက်ခဲ့တာကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ကနေ မေးမြန်းမှုတွေ  လုပ်ဆောင်နေသေးတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက  အခြားသော အိန္ဒိယနိုင်ငံသား ၈၀ ကိုလည်း ကယ်တင်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Al Jazeera သတင်းဌာနရဲ့ စုံစမ်းရေးသားချက်မှာတော့  တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံသားတွေ အပါအဝင် ၊ မြန်မာနိုင်ငံက လူတွေနဲ့  အခြားနယ်ပယ်တွေကလူတွေဟာ  ကမ္ဘောဒီးယားနိုင်ငံတစ်ဝှမ်းက ဆိုက်ဘာလိမ်လည်မှု တွေမှာ ပါဝင်နေတာကို တွေ့ရှိတယ်လို့ ဆိုပါတယ်။

ကုလအထူးကိုယ်စားလှယ်ရဲ့  ပြောကြားချက်အရ  နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားတဲ့ ရာဇဝတ်မှုတွေနဲ့ မကြာခဏ ဆက်စပ်နေ တဲ့ ဆိုက်ဘာလိမ်လည်မှုကွန်ရက်တွေဟာ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ နိုင်ငံတွေမှာ  ထူထောင်ထားပြီး ပညာတတ်လူငယ် လုပ်သားတွေကို ဝင်ငွေမြင့်မားတဲ့ အလုပ်အကိုင်အဖြစ် လိမ်လည်ဆွဲဆောင်နေတယ်လို့ သိရပါတယ်။

Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.