သထုံ၊ စက်တင်ဘာ (၂၉)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာမှာ စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေးဗရိန်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပကဖ)က လက်ဖက်ရည်ဆိုင်မှာ အဖော်တစ်ဦးနဲ့အတူ ထိုင်နေစဉ် လာရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းဟာ ဦးခေါင်း ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက် ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းဟာ ကျေးရွာအတွင်း သေနတ်ပစ်ဖောက်တာ၊ ဒေသခံတွေကို ခြိမ်းခြောက် အကြပ်အကိုင်တာအတွက် နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ ပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပကဖ)က ဆိုပါတယ်။
ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းကို ပစ်ခတ်ရှင်းလင်းပြီးနောက် ပစ္စတိုသေနတ် တစ်လက်၊ ကြံ့ခိုင်ရေးပါတီဝင် ကဒ်၊ ဒေးဗရိန်းကျေးရွာ ပြည်သူစစ်အဖွဲ့ စာရင်း၊ ဖုန်းနဲ့ စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းရဲ့ အလောင်းကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် သယ်ဆောင်ပြီး သထုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတာပါ။
သထုံမြို့နယ်ထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးဒလန်တွေနဲ့ ပြည်သူစစ်အဖွဲ့ဝင်တွေ မကြာခဏပစ်ခတ်ရှင်းလင်းခံနေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်