မော်လမြိုင်၊ စက်တင်ဘာ (၃၀)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ Safe City ဖြစ်ဖို့ ပြည်သူ့ဘဏ္ဍာငွေထဲကနေ ငွေကျပ် သိန်းပေါင်း သောင်းချီ ကုန်ကျခံပြီး CCTV ကင်မရာတွေ တပ်ဆင်ထားပေမယ့် ပြည်သူအတွက် အကျိုးမရှိဘူးလို့ မြို့ခံတွေက ဝေဖန်လိုက်ပါတယ်။

မော်လမြိုင်မြို့ပေါ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် အများပြည်သူရဲ့ လှုပ်ရှားသွားလာမှုအပြင် ခိုးဆိုးလုယက်မှုတွေကို ခြေခံဖို့ဆိုပြီး CCTV ကင်မရာတွေကို မြို့ပေါ် နေရာအနှံ့မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း မြို့ပေါ်ရပ်ကွက်အများစုမှာ နေ့စဉ်နီးပါး ဆိုင်ကယ် ခိုးယူခံရတာ၊ နေအိမ်ဖောက်ထွင်းခံရတာနဲ့ လုယက်ခံရမှုတွေ ဖြစ်ပေါ်နေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ် အရေးယူနိုင်တာ မရှိသလောက် နည်းပါးနေတာပါ။

CCTV ကင်မရာတွေကို ပြည်သူ့ဘဏ္ဍာငွေတွေ အသုံးပြုပြီး တပ်ဆင်ထားပေမယ့် ပြည်သူပိုင်ပစ္စည်း ခိုးယူခံရမှုအတွက် ရှာဖွေဖော်ထုတ်နိုင်တာ မရှိတဲ့အတွက် ပြည်သူတွေအတွက် အကျိုးမရှိသလို ထိခိုက်နစ်နာမှုပဲ ဖြစ်ပေါ်နေတယ်လို့ မော်လမြိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။

“ဒီ CCTV အတွက်ကို ပြည်သူတွေက ပိုက်ဆံတွေ အများကြီး ကုန်ကျ ခံထားရတဲ့ အတွက်ပေါ့လေ ဒါပေမယ့် တကယ့် တကယ်ကျတော့ ဒီCCTVတွေက အသုံးမဝင်သလို ဖြစ်လာတာပေါ့၊ ပြည်သူတွေရဲ့ ပိုက်ဆံတွေ အများကြီး ဆုံးရှုံး ရတာပေါ့နော်၊ ထိခိုက်နစ်နာမှု ဖြစ်တာပေါ့၊ မော်လမြိုင်မှာက CCTVတွေက တစ်မြို့လုံး နီးပါးကို ပေါတာပေါ့နော်၊ ဒါပေမယ့် ဆိုင်ကယ်တွေ ဘာတွေ ပျောက်တဲ့ အခါကျလို့ ရှိရင်တော့ ပြန်မရဘူး ဆိုတာက ရဲတွေ အလုပ်မလုပ်လို့ပေါ့၊ သူတို့ အလုပ် ကောင်းကောင်း လုပ်လို့ ရှိရင် ပြန်မရဖို့ နေနေသာသာ ပျောက်ဖို့တောင် ရှိမှာ မဟုတ်ဘူးလေ၊ သူတို့ အသုံးမကျလို့ ဖြစ်တဲ့ အရာတွေပေါ့၊ ဒီ CCTVတွေကို ရဲတွေက အသုံးပြုတာက ဒါဆန္ဒပြတဲ့ လူတွေ အတွက်ကို အဓိက ထားပြီး လိုက်သုံးကြတာ ပေါ့နော်၊ သူတို့ အတွက်ပဲ သူတို့ သုံးကြတာပေါ့၊ ပြည်သူ့ အတွက် သုံးတယ်ဆိုတာ မရှိတော့ ဘူးလေ၊ အဲ့ဒီ အတွက် ပြည်သူတွေပဲ ထိခိုက်နစ်နာ ရတာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကို ပြည်သူတွေ အတွက် အသုံးမပြုဘဲ သူတို့ရဲ့ လုံခြုံရေး အတွက်ကိုသာ ဦးစားပေး အဓိကထား အသုံးပြု နေတာ ဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့ မိမိတို့ ဥစ္စာပစ္စည်းတွေကို မိမိတို့ ကိုယ်တိုင် စောင့်ကြည့် ထိန်းသိမ်း နေရတယ်လို့ ဆိုပါတယ်။

မြို့အနှံ့မှာ CCTV ကင်မရာတွေ တပ်ဆင်ထား ပေမယ့် နေ့စဉ် နီးပါး ဆိုင်ကယ် ပျောက်ဆုံးမှုတွေ ဖြစ်ပေါ် နေသလို အခုလို ပျောက်ဆုံးတဲ့ အတွက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းတွေကို တိုင်ကြားပေမယ့် ဘာမှ မထူးလာဘူးလို့ ဆိုင်ကယ် ခိုးယူခံရတဲ့ ပြည်သူ တစ်ဦးက ပြောပါတယ်။

“အခု အခြေအနေ အရ ဆိုရင် စီးပွားရေးက မကောင်းကြတော့ လူတွေကလည်း လုပ်မိလုပ်ရာ လိုက်လုပ်ကြတာပဲ၊ ဆိုင်ကယ် ဆိုလည်း တစ်ရက်ကို (၂)စီး (၁)စီး အဲ့လို ပျောက်နေတာတွေလည်း ရှိတယ်၊ ဒီတိုင်း ပုံမှန်ပေါ့ မပျောက်ဘူး ထင်ပြီး ထားသွား လိုက်တယ်၊ အဲ့လိုမျိုး သတိလက်လွတ် ဖြစ်သွားပြီး ဆိုလို့ရှိရင် ခိုးတဲ့သူက အနောက်ကနေ အလစ်ချောင်းပြီး ခိုးသွားတာပဲ၊ အဲ့လို ဆိုင်ကယ်ပျောက်တာ ဘာတာ ဆိုလို့ရှိရင် ကိုယ်က သတိမထား မိဘူးလေ၊ CCTVဆိုတာက နောက်မှ ပြန်တွေ့တော့ အကျိုးမပြုဘူး၊ ရဲစခန်းတိုင်လည်း ဘာမှ မထူးလာဘူး၊ သတင်းအစ အနတောင် ပြန်မရဘူး”လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ပေါ်မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေဟာ လူတွေကိုမှတ်သား ထားနိုင်တဲ့ ကင်မရာတွေ ပါဝင်သလို ကားနံပါတ် ဖတ်လို့ ရတဲ့ ကင်မရာတွေအပြင် (၃၆၀) လှည့်ပတ် ကြည်ရှုနိုင်တဲ့ ကင်မရာတွေနဲ့ မှတ်တမ်း ယူနိုင်တဲ့ ကင်မရာတွေ ပါဝင်ပြီး လျှပ်စစ်မီး ပျက်ရင်တောင် ကွန်ထိုးစင်တာကနေ (၂၄) နာရီ စောင့်ကြည့်နိုင်ပါတယ်။

CCTV ကင်မရာတွေကို မြို့အနှံ့ နေရာလွတ် မကျန်အောင် တပ်ဆင်ထားတဲ့အတွက် ခိုးဆိုးလုယက်သူတွေရဲ့ ဝင်လမ်းထွက်လမ်းတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တွေ အနေနဲ့ သိရှိနိုင်ပေမယ့် လက်ရှိ အချိန်ထိ ဖမ်းဆီး ရမိတာတွေ မရှိတာကြောင့် မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ CCTV ကင်မရာ တပ်ဆင်မှု စီမံကိန်းအတွက် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် ၂ နှစ်အတွင်း ငွေကျပ်သိန်းပေါင်း ၈၀၀၀၀ ထက်မနည်း သုံးစွဲထားပြီး စီမံကိန်းကိုတော့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ နောင်ရိုး ကုမ္ပဏီနဲ့ FISCA ကုမ္ပဏီတွေက တင်ဒါအောင်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.