သထုံ၊ စက်တင်ဘာ (၂၉)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီ BGF စစ်ဆေးရေးဂိတ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိမှန်တာကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KUN သထုံခရိုင်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က စစ်ကောင်စီ BGF စစ်ဆေးရေးဂိတ်ကနေ ညောင်ကုန်းကျေးရွာအတွင်းကို တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီ BGF စစ်ဆေးရေးဂိတ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ ညောင်ကုန်းကျေးရွာနေ နော်မညွှန့် နေအိမ်အရှေ့မှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးသူငယ် တစ်ဦးနဲ့ အမျိုးသမီး ၂ ဦး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သလို အိမ်မွေးတိရစ္ဆာန်တချို့လည်း ထိမှန်ခဲ့တယ်လို့ KUN သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNU သထုံခရိုင် ပြောခွင့်ရကတော့ စစ်ကောင်စီ BGF တပ်က တိုက်ပွဲမဖြစ်ဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် လက်မခံနိုင်ကြောင်းနဲ့ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ ညောင်ကုန်းဂိတ်ရှိ BGF တပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေကို ခေါ်ယူခြိမ်းခြောက်တာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်း ပစ်ခတ်တာအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မကြာခဏ ကျူးလွန်နေတယ်လို့ သူက ဆိုပါတယ်။
KNU တပ်မဟာ(၁)ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထို၊ ဘားအံ၊ ဘီးလင်းနဲ့သထုံမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်တာနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးခိုလှုံနေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်