ရန်ကုန် – စက်တင်ဘာ(၂၉)
မြန်မာနိုင်ငံအတွက် Facebook ပုံစံအသစ်ပြုလုပ်ဖို့ ပြင်ဆင်နေတာဟာ ပြည်သူတွေအတွက် ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက် လက်လှမ်းမီမှုကို အတားအဆီးဖြစ်လာနိုင်တယ် လို့ သတင်းမီဒီယာတိုက်နဲ့ မီဒီယာအခွင့်အရေးဆိုင်ရာ (၄၃) ဖွဲ့က တောင်းဆိုထားပါတယ်။
Facebook ပြုပြင်မွမ်းမံမှုပုံစံအသစ်ဟာ သတင်းအချက်အလက်သိရှိနိုင်ခွင့်၊လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်မှုအပါအဝင် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်နေတယ်လို့ ဆိုထားကြတာပါ။
အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံက လွတ်လပ်တဲ့ ရုပ်သံထုတ်လွှင့်မှုတွေ၊ ပုံနှိပ်သတင်း မီဒီယာတွေနဲ့ အွန်လိုင်းမီဒီယာတွေကို ပိတ်ပင်တာ၊ ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်စုဝေးရာ နေရာ တွေကို ပိတ်ပင်ထားတဲ့အတွက် ဖိနှိပ်ခံပြည်သူအများစုဟာ အွန်လိုင်းပေါ်ကို ရောက်လာပြီး Facebook ရဲ့ လွှမ်းမိုးမှုဟာ ပိုမိုကြီးထွားလာခဲ့တာဖြစ်ပါတယ်။
နေ့စဉ်အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ မြန်မာပြည်သူလူထုနဲ့ သတင်းမီဒီယာ တွေ အတွက် Facebook ရဲ့ ပြုပြင်မွမ်းမံမှုဟာ ဆိုးရွားစွာထိခိုက်စေနိုင်တဲ့အတွက် ပြန်လည် သုံးသပ်ပေးဖို့ တောင်းဆိုထားကြပါတယ်။
Facebook ဟာ လူတစ်ဦးချင်းစီရဲ့ ကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေအပေါ်မူ တည်ပြီး ဖန်တီးတာကို လျော့ချလိုက်တာဟာ မြန်မာပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ကြားဖြတ် နှောင့် ယှက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်မြန်မာပြည်သူတွေက အများနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို တောင့်တနေတဲ့အချိန် အန္တရာယ်ရှိတဲ့ စာတည်ဖြတ်မှုတစ်ခုကို လုပ်ဆောင်သလိုဖြစ်နေမယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ သတင်းအချက်အလက် ဂေဟစနစ်ဟာ Facebook က ပြုပြင်မွမ်းမံဖို့ စမ်းသပ်ခဲ့တဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့ မတူဘူးလို့ လည်း ပြောဆိုထားပါတယ်။
အခုထုတ်ပြန်ထားတဲ့ ပူးတွဲသဘောထားထုတ်ပြန်ချက်ကို CEO ဇူကာဘက်ဆီကို ပေးပို့ထားပြီး နောက်ပိုင်းမြန်မာနိုင်ငံမှာ လုပ်မယ့် အထွေထွေမွမ်းမံမှုတွေကို မလုပ်ခင်တည်းက အရပ်ဘက် အဖွဲ့တွေနဲ့ ကောင်းမွန်စွာ ဆွေးနွေးဖို့၊ ရေခံမြေခံအလိုက် လူ့အခွင့်အရေးဆိုင်ရာ ဆန်းစစ်ချက် တွေကို ပြုလုပ်သွားဖို့လည်း အဖွဲ့အစည်း(၄၃) ဖွဲ့က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်