နေပြည်တော် – စက်တင်ဘာ(၂၈)
ရွေးကောက်ခံအစိုးရကို လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးလုပ်စားနေတာမဟုတ်ဘဲ နိုင်ငံအရေးလုပ်နေတာသာဖြစ်တယ်လို့ ပြောဆို ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၇) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးမှာ SME ကဏ္ဍနဲ့ ပတ်သက်ပြီး ပြောဆိုချိန်မှာ အခုလိုထည့်သွင်းပြောဆို ခဲ့တာပါ။
“နိုင်ငံရေးနဲ့ ပတ်သက်၍လည်း မိမိတို့ဟာ နိုင်ငံရေးလုပ်စားခြင်းမဟုတ်ဘဲ နိုင်ငံအရေး ကို လုပ်တာ ဖြစ်ကြောင်း နိုင်ငံရေးလုပ်နိုင်ရန် မတည်ငွေကို မိမိတို့က ပေးလိုက်မည်ဖြစ်ကာ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် စွမ်းဆောင်ရည်ရှိသမျှလုပ်ရမည်ဖြစ်ပြီး စွမ်းဆောင်ရည်ရှိသလောက် စီးပွားတိုးတက်လာမည်ဖြစ်ပြီး ဝင်ငွေတိုးပွားလာမှာဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့ တရားမဝင်ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ကိုလည်း TV ထဲမှာ ဟန်ပြပါနေဖို့ သတင်းထဲ ပါနေဖို့မဟုတ်ဘဲ တိုင်းပြည်ကို တိုးတက်အောင်လုပ်ပေးရမှာဖြစ်သလို ဒေသအစိုးရတွေဟာလည်း ဒေသတိုးတက်အောင်လုပ်ဆောင်ရမှာဖြစ်ပြီး အဲ့ဒါက လက်တွေ့ကျတဲ့ နိုင်ငံရေးပဲ လို့ သူက ပြောပါ သေးတယ်။
SME လုပ်ငန်းတွေဟာ ကုန်ကြမ်းကို အခြေခံတဲ့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို တိုင်းပြည် ဒေသတွင်းရရှိဖို့ လိုအပ်သလို နိုင်ငံတဝန်း စက်မှုဇုန်တွေတည်ထောင်ဖို့ လိုတယ်လို့ ဆိုခဲ့ ပါတယ်။
ဗဟိုအစိုးရက မတည်ငွေတွေ ပေးလိုက်ရင်လည်း ဒေသတွင်း တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ အနေနဲ့ စီးပွားရေးလုပ်ဖို့ မှာကြားခဲ့သလို နောက်ပိုင်းမှာ အသေးစားအလက်စားစီးပွားရေးလုပ်ငန်း တွေနေတာ ကောင်စီဝင်တွေကို အသိပေးလိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးမှာ SME လုပ်ငန်း တွေအပြင် ခရီးသွားကဏ္ဍ၊စိုက်ပျိုးရေးကဏ္ဍ၊ရုရှားနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးရေး စိုက်ပျိုးရေးကဏ္ဍ တွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ စီးပွားရေးဖွံ့ဖြိုးမှုအားနည်းတဲ့ ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့အတွက် မြစိမ်းရောင်စီမံကန်းနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ အရင်းမပျောက်ပတည်ငွေ တွေထုတ်ပေးထားတယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်ရဲ့ မြစိမ်းရောင်စီမံကိန်းတွေဟာ လက်တွေ့ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အကျိုးဖြစ်ထွန်းနေတာကို တွေ့ရှိနေရတဲ့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအတွက်လည်း မြစိမ်းရောင်စီမံကိန်းနဲ့ ဆောင်ရွက်နိုင်ဖို့ အရင်းမပျောက်မတည်ငွေတွေ ထုတ်ပေးထားတာဟာ ဒေသအလိုက်စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ပေးတာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကာချုပ်ရုံး