ရန်ကုန်၊ စက်တင်ဘာ (၂၉)
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိတောင်မြောက် လမ်းဆုံအနီး၊ အမှတ်(၂)လမ်းမကြီးပေါ်က Good Luck KTV ဆိုင် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ဖောက်ခွဲတိုက်ခိုက်မှုဟာ ယနေ့ စက်တင်ဘာလ ၂၉ရက်နေ့ နံနက် ၄နာရီအချိန်ခန့်မှာ ဖြစ်ပွားခဲ့တာပါ။”မနက်အစောပိုင်းက အသံကြားလိုက်တယ်။ အမှတ် ၂လမ်းပေါ်က ကေတီဗွီဆိုင်လို့ပြောတယ်။
အဲ့ဆိုင်ရဲ့ပိုင်ရှင်က စစ်ကောင်စီနဲ့ဆက်နွယ်နေလို့ တိုက်ခိုက်ခံရတာဆိုပြီး ပြောနေကြတယ်။ မနက်အစောပိုင်းဆိုတော့ သေချာမသိလိုက်ဘူး။ အသံအကျယ်ကြီးတော့ ကြားလိုက်ရတယ်”လို့ အနီးပတ်ဝန်းကျင်မှာနေသူတစ်ဦးက ပြောပါတယ်။
GOOD LUCK KTV ဆိုင်ကို ဖောက်ခွဲတိုက်ခိုက်မှုဟာ ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့(SDGF)နဲ့ ဒို့ရိုးရာညီနောင်များ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ GOOD LUCK KTV ဆိုင်ပိုင်ရှင်ဟာ စစ်ကောင်စီနဲ့ ဆက်နွယ်သူတစ်ဦးဖြစ်ကာ တော်လှန်ရေးကာလအတွင်း စကစကို ကူညီပံ့ပိုးမှု တွေပြုလုပ်ခဲ့တာကြောင့် စက်တင်ဘာလ ၁၆ရက်နေ့ကတည်းက သတိပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီလိုလုပ်ငန်းတွေကို စစ်ကောင်စီနဲ့တစ်သား တည်း သတ်မှတ်ကာ ဆက်လက်အရေးယူဆောင်ရွက်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ထောက်တိုင်များနဲ့ ပတ်သက်ဆက်နွယ်မှုမပြုဖို့ အသိပေးထားတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်