စစ်တွေ – စက်တင်ဘာ(၂၉)
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရရှိနေတဲ့ နယ်ခြားစောင့်ရဲတချို့နဲ့ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေကို သူတို့ရဲ့ မိခင်အဖွဲ့အစည်းက တာဝန်ရှိသူတွေကိုလာခေါ်ဖို့ အကြောင်းကြားထားပေ မယ့် လျစ်လျူရှုခံထားရတယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၃) ရက်နေ့ ညပိုင်းက စစ်ကောင်စီ ဂျက်တိုက်လေယာဉ်(၃) စီးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အတွက် AA ရဲ့ အကျဉ်းထောင်နှစ်ခုကိုထိမှန်ခဲ့ပြီး နယ်ခြားစောင့်ရဲ တချို့နဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိခဲ့တာပါ။
ရက္ခိုင့်တပ်တော်ကဗုံးစထိမှန်ခဲ့သူတွေကို လူသားချင်းစာနာထောက်ထားပြီး ဆေးကုသပေး ထားပေ မယ့် ဆေးဝါး လိုအပ်ချက်တွေရှိနေတဲ့အတွက် စစ်ကောင်စီတပ်သားတွေကို ပြန်ခေါ်ဖို့ အကြောင်းကြားခဲ့ တာလို့ ဆိုထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေကတော့ တပ်ဖွဲ့ဝင်စိတ်ဓာတ်၊ရဲဘော်ရဲဘက်စိတ်ဓာတ်ကင်းမဲ့စွာနဲ့ သူတို့ရဲ့ ရဲဘော်တွေရဲ့ အသက်ကိုကယ်တင်ဖို့ ဆက်သွယ်လာတာမရှိသေးတဲ့အတွက် သေဆုံးသူတွေ ရှိလာတယ်လို့ သိရပါတယ်။
ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်နေတဲ့အတွက် ဗုံးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ ဟာ အသက်ရှင်ဖို့ မျှော်လင့်ချက်နည်းနေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာ့တပ်မတော်သားတွေဟာ သူတို့ရဲ့ အသက်ကိုစွန့်ပြီး တာဝန်ထမ်းဆောင်ခဲ့ပေမယ့် ဒဏ်ရာ ရရှိပြီး အသက်အန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေအပေါ်ကို ရဲဘော်ရဲဘက်စိတ်ကင်းမဲ့စွာ စွန့်ပစ်တဲ့လုပ်ရပ်ဟာ မြန်မာ့တပ်မတော်လို့ခေါ်တဲ့ စစ်ကောင်စီ က သူတို့တပ်ဖွဲ့ဝင်တွေအပေါ်ထားတဲ့ သဘောထားအမှန်ဖြစ်သလို တာဝန်ယူမှုမရှိတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိအချိန်မှာ ဒဏ်ရာရရှိထားတဲ့ နယ်ခြားစောင့်ရဲတချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အသက်ဆက်ရှင်သန်ဖို့အတွက် ရက္ခိုင့်တပ်တော်မှာရှိတဲ့ ဆေးဝါးတွေနဲ့ ကုသပေးနေသလို တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ စစ်ကောင်စီတပ်ထဲမှာ ဆက်လက်တာဝန်ထမ်းဆိုင်လိုစိတ် မရှိ တော့တဲ့ မြန်မာ့တပ်မတော်သားတွေအနေနဲ့ နီးစပ်ရာ AA တပ်တော်စခန်းတွေကို ဆက်သွယ်လို့ ရတယ်လို့ ဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင့်တပ်တော်ကို နီးစပ်ရာတွေကတဆင့် လက်နက်၊လက်နက်မပါဘဲ ဝင်ရောက်လာကြသူတွေနဲ့ ဖမ်းဆီးရမိထားသူတွေ (၁၅၀) ကျော်အထိရှိနေပြီး သူတို့ကို ကောင်းမွန်စွာထိန်းသိမ်းထားကာတချို့ကိုတော့ သူတို့သွားလိုတဲ့ နေရာတွေကို အန္တရာယ်ကင်းစွာ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရက္ခိုင့်တပ်တော်(AA)