မော်လမြိုင်၊ စက်တင်ဘာ (၂၉)
တိုက်ပွဲတွေမှာ တပ်အင်အား ပိုမို ဆုံးရှုံးလာတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ အငြိမ်းစား စစ်မှုထမ်းဟောင်းတွေကို လစာထပ်ပေးပြီး ရှေ့တန်းပို့ဆောင်ဖို့ လိုက်လံစည်းရုံးနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ခုခံတော်လှန်စစ်စတင်ကြောင်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ကြေညာပြီးနောက် တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်းထန်လာခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က နေ့စဉ်ဆိုသလို ထိခိုက်သေဆုံးတာတွေ များလာတာနဲ့အမျှ ရှေ့တန်းမှာ တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင် အင်အားတွေလည်း ပိုမိုလိုအပ်လာချိန်မှာ စစ်မှုထမ်းဟောင်းတွေကို လစာပိုပေးပြီး မက်လုံးပေးစည်းရုံးလာတာပါ။
တိုက်ပွဲပြင်းထန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေ အပါအဝင် ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့အတွက် စည်းရုံးတာဖြစ်တယ်လို့ အငြိမ်းစား စစ်မှုထမ်းဟောင်းမိသားစုဝင် တစ်ဦးက ပြောပါတယ်။
အငြိမ်းစားစစ်မှုထမ်းဟောင်းတွေ အနေနဲ့ ရှေ့တန်းစစ်မျက်နှာမှာ တာဝန်ထမ်းဆောင်ခဲ့မယ်ဆိုရင် တစ်ဦးကို ပင်စင်လစာအပြင် အရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူးပေါ်မူတည်ပြီး ငွေကျပ် နှစ်သိန်းကနေ ဆယ်သိန်းအထိ ခံစားခွင့်ပေးမယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ အတင်း အကြပ်ဖိအားပေးတာမျိုး မဟုတ်ဘဲ မိမိသဘော ဆန္ဒအတိုင်းသာ လာမယ့် အောက်တို ဘာလ ဒုတိယ အပတ်ထဲမှာ နောက်ဆုံးထားစာရင်းပေးရမယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ရှေ့တန်းသွားတဲ့သူတွေကို ငွေကြေး၊ရာထူး စတာတွေနဲ့ စည်းရုံးနေပေမယ့် စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေတဲ့အတွက် တစ်ဦးတစ်ယောက်မျှ စာရင်းပေးဖို့ ဆန္ဒမရှိနေကြဘူးလို့လည်း အငြိမ်းစား စစ်မှုထမ်းဟောင်းမိသားစုဝင်က ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ စစ်သားအင်အားလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက် တပ်ထောက်ခံသူတွေ၊ တပ်မိသားစုဝင်တွေ၊ ကြံ့ခိုင်ရေး ပါတီဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူ ပြည်သူလူထုတိုင်းလည်း စာရင်းပေးသွင်းနိုင်ကြောင်း စည်းရုံးလာတာ ဖြစ်ပါတယ်။
စစ်တပ်ထဲ ဝင်မယ့် လူသစ်တွေကိုတော့ စစ်ဘက်ဆိုင်ရာသင်တန်းကို ၃ လခန့် ပို့ချပေးသွားမှာဖြစ်ပြီး သူတို့ကိုတော့ လစာနဲ့ ဥယာဉ်ခြံမြေတွေ ခံစားခွင့်ပေးမယ်လို့လည်း စစ်ကောင်စီက ပြောဆိုထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်က ကျင်းပတဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေးမှာ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ စစ်မှုထမ်းဟောင်းအဖွဲ့တွေပါဝင်တဲ့ လုံခြုံရေးအဖွဲ့အစည်း ဖွဲ့စည်းဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း ပေါက်ကြားလာတဲ့ အစည်းအဝေးမှတ်တမ်းမှာ ဖေါ်ပြပါတယ်။
ဒေသန္တရလုံခြုံရေးအဖွဲ့အစည်းလို့နာမည်ပေးထားတဲ့ ဒီအဖွဲ့တွေကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ အဓိကထား ဖွဲ့စည်းဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတာာ ဖြစ်ပါတယ်။
ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက်နဲ့ အငြိမ်းစား ဗိုလ်မှူး၊ ဗိုလ်ကြီးအချို့ကိုလည်း နယ်ခြားစောင့်တပ်တွေမှာ တပ်မှူး၊ ဒုတိယတပ်မှူးတွေအဖြစ် ဩဂုတ်လ ၆ ရက်နေ့က စတင်ခန့်ထားကြောင်း ထပ်မံပေါက်ကြားလာတဲ့ ခန့်အပ်စာမှာ တွေ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်