ဘုရားသုံးဆူ၊ စက်တင်ဘာ (၂၉)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ စစ်ကောင်စီ ဘုရားတောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KUN ပြောခွင့်ရက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

အဲဒီစစ်ကောင်စီ ဘုရားတောင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မနက် ၉ နာရီလောက်မှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်(၁၁)လက်ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ စစ်ကောင်စီ ဘုရားတောင်စခန်းဟာ သွားလာနေတဲ့ဒေသခံပြည်သူလူထုတွေအပေါ် နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးပြီးခြိမ်းခြောက်စစ်ဆေးမှုတွေ တောက်လျှောက်လုပ်ဆောင်နေတဲ့ စခန်းတစ်ခုလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီ ဘုရားတောင်စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေက တက်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ်အအတွင်း ဘုရားသုံးဆူမြို့တွင်းမှာ အခြေစိုက်တဲ့ စစ်ကောင်စီ နဂါးတောင်လက်နက်ကြီးကုန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေပြီး ဒီကနေ့ မွန်းလွဲပိုင်းအချိန်ကလည်း စစ်ကောင်စီရဲ့ လေယာဉ်တွေ လာရောက်ပျံဝဲလာနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေကုတ်စခန်းတစ်ခုဖြစ်တဲ့ ကြိတ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၀)ရက်နေ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် (၈)ရက်အကြာမှာ နောက်ထပ်စခန်းတစ်ခုဖြစ်တဲ့ ဘုရားတောင်စခန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.