မော်လမြိုင် – စက်တင်ဘာ(၂၈)

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ တွေမှာ အကြမ်းမဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ထားတဲ့ CDM ဝန်ထမ်းတွေကို အလုပ်ပေးဖို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလ(၂၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၆၉) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။

“နောက်ပိုင်းမှာ ပြည်နယ်အစိုးရတွေပေါ်ပေါက်လာတဲ့အခါ စိုးမိုးထိန်းချုပ်နယ်မြေတွေများများ ရှိလာတဲ့အခါ အစိုးရရဲ့ အုပ်ချုပ်ရေး အင်အားကို အကောင်အထည်ဖော်နိုင်ဖို့ CDM တွေရဲ့ အင်အားတွေအများကြီးလိုအပ်လာမှာဖြစ်ပါတယ်” လို့ NUG ဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ရုံးက တာဝန်ယူထားတဲ့ ဌာန(၁၀) ခုထဲက စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကို လက်ရှိတော်လှန်ရေးရဲ့ အခြေအနေအရ တချို့သော စိုးမိုး ထိန်းချုပ် နယ်မြေတွေနဲ့ မကြာခင်ပေါ်ပေါက်လာနိုင်တဲ့ ပြည်နယ်အစိုးရတွေရဲ့ စီမံထိန်းချုပ်နယ်မြေတွေမှာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတစ်ခုမဖြစ်မနေလိုအပ်လာမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စိုက်ပျိုးရေးဌာနက CDM ဝန်ထမ်း တွေနဲ့ တွေ့ဆုံဆွေးနွေး တာတွေလုပ်ဆောင်နေသလို သူတို့ရဲ့ ကျွမ်းကျင်မှု အတွေ့အကြုံတွေကို တော်လှန်ရေး လိုအပ် ချက်နေရာတွေမှာ ဖြည့်ဆည်းပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ် (၄၀) နီးပါးကို NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီး ဖြတ်သန်းသွားလာနေတဲ့ လမ်းပိုင်း (၈၅) ရာခိုင်နှုန်းကျော်မှာ စစ်ဆေးရေးဂိတ်တွေနဲ့ ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မန်းဝင်းခိုင်သန်း(Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.