သထုံ၊ စက်တင်ဘာ (၂၈)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်းရှိ တော်လှန်ရေး အင်အားစုတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက် ၂၅ ချက်ကို KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်ပါတယ်။
အဲဒီစည်းကမ်းချက်တွေထဲမှာတော့ တော်လှန်ရေးအင်အားစုတွေဟာ ခရိုင်ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ လမ်းညွှန်ချက်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာတာဝန်ခံ၊ တပ်ဖွဲ့ဝင်တွေအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေအပြင် ဒေသန္တရစည်းမျဉ်းစည်းကမ်းတွေကလည်း လိုက်နာဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် စစ်ဆင်ရေးလုပ်ငန်းတွေကို မိမိအဖွဲ့အစည်း သဘောနဲ့ မပြုလုပ်ဖို့၊ တာဝန်ရှိသူအဆင့်ဆင့်ထံ တင်ပြ ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ဖို့၊ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်သူတွေရဲ့ အသက်၊အိုးအိမ်စည်းစိတ်တွေ ထိခိုက်မှု မဖြစ်ရေး အလေးထား ဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်။
တော်လှန်ရေး အကြောင်းပြ အလှူခံတာ၊ ပြည်သူလူထုတွေကို ခြိမ်းခြောက် ငွေကြေးကောက်ခံတာ၊ သက်ဆိုင်ရာနယ်မြေအတွင်း မိမိတို့အဖွဲ့အစည်သဘောဖြင့် ငွေကြေးကောက်ခံတာနဲ့ ပြန်ပေးဆွဲတဲ့ လုပ်ငန်းတွေ မပြုလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။
KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတချို့က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာတာမရှိဘဲ သူတို့သဘောဆန္ဒအရ ပြုမူဆောင်ရွက်နေတာကြောင့် တော်လှန်ရေးလုပ်ငန်းစဉ်ကနေ သွေဖယ်သွားနိုင်တဲ့အတွက် အခုလို စည်းကမ်းချက်တွေကို ထုတ်ပြန်ရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါကြောင့် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာဘဲ ချိုးဖောက်ခဲ့တဲ့သူတွေရှိပါက KNU လမ်းစဉ်အတိုင်း ပထမအကြိမ် အသိပေးတာ၊ ဒုတိယအကြိမ် တာဝန်ကနေ ရပ်ဆိုင်းပြီး အပြစ်ပေးအရေးယူတာနဲ့တတိယအကြိမ်ဆိုပါက အဖွဲ့ကနေ ထုတ်ပယ်သွားမယ်လို့ ဆိုပါတယ်။
ဘီးလင်းမြို့နယ် အာဠာဝကနဲ့သွေးသောက်များအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ KNU က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို အဖွဲ့အစည်း အားလုံးက လိုက်နာဖို့ ကတိကဝတ်ပေးထားပြီး ဖြစ်သလို နောက်ပိုင်းမှာ ဆက်လက် လိုက်နာသွားမယ်လို့ ပြောပါတယ်။
KNU သထုံခရိုင်ထဲမှာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အင်အားစု အဖွဲ့ပေါင်း ၁၅ ဖွဲ့ထက်မနည်း ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ သထုံခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေဟာ KNU သထုံခရိုင်နဲ့ ပူးပေါင်းပြီး မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကို ဖွဲ့စည်းကာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်