မောင်တော၊ စက်တင်ဘာ ၂၈

မောင်တောမြောက်ပိုင်းမှာရှိတဲ့ ကြိမ်ချောင်းကျေးရွာ အနီးဝန်းကျင်မှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်နေလို့ ဒေသခံတွေက အထူးစိုးရိမ်နေရတယ်လို့ ပြောပါတယ်။

ကြိမ်ချောင်းကျေးရွာ အနီးဝန်းကျင်ဟာ စက်တင်ဘာ ၂၄ရက်နေ့မှာ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၇) က လက်နက်ကြီးတွေကို အကြောင်းမဲ့ပစ်ခတ်ကာ အင်အားပြခံခဲ့ရတာပါ။

လက်ရှိအချိန်မှာတော့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့ အတွက် ကြိမ်ချောင်းကျေးရွာနဲ့ သတင်းအဆက်အသွယ်တွေ ပြတ်တောက်နေပြီး စစ်ကြောင်း အခြေအနေအနေတွေကို မသိရလို့ စိုးရိမ်နေရတယ်လို့ စစ်တွေ ဒေသခံတစ်ဦးကပြောပါတယ်။

“အဆက်အသွယ်ပြတ်နေတော့ ဘာမှမသိရဘူး။ စစ်ကြောင်းကလည်း အဲဒီဘက်ရောက်နေတယ်လို့ မနေ့ကတည်းက သတင်း ရတယ်။ လူမသိသူမသိ တစ်ခုခုလုပ်လိုက်မှာကိုပဲ စိုးရိမ်နေရတာ။ သူတို့လာနေတယ်ဆိုတော့ နက်‌ဝေါ့ ဖြတ်ခံရတာလားပေါ့။ အရင်ကဆို သူတို့လာရင် စက်တွေ ယူလာပြီး နက်ဝေါ့ဖြတ်တတ်တယ်လေ။ တာဝါတိုင်လည်ပတ်တဲ့ စက်တွေရဲ့ လျှပ်စစ်အ တွက် မီးစက်ဆီကို ဆီလာဖြည့်တဲ့ကားတွေ လာလို့မရတော့ တာဝါတိုင်တွေ အလုပ်လုပ်မလုပ် လို့ အဆက်သွယ်ပြတ်တာ လည်းဖြစ်နိုင်တယ်။ ခုထိတော့ သေချာမသိရသေးဘူး”လို့ သူကဆိုပါတယ်။

ရခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီ အကြား စစ်ရေးတင်းမာမှု ပိုမိုပြင်းထန်လာသလို တစ်ကျော့ပြန် တိုက်ပွဲတွေနဲ့ အတူ နယ်မြေထိန်းချုပ်ရေးအတွက် စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်တာ၊ ထိုးစစ်ဆင်တာတွေကြောင့် မောင်တောမြို့နယ် နန်းရာကိုင်းတပ်စခန်း၊ ဘူးသီးတောင်မြို့နယ် ကျောင်းတောင် တပ်စခန်းအပါအဝင် AAရဲ့တပ်စခန်း ၁၀ ခုခန့်ကို စွန့်လွတ်ထားရတာပါ။

အခုအချိန်မှာတော့ စစ်ကောင်စီက မောင်တောမြောက်ပိုင်းတစ်ဝိုက်မှာ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ ထားတာကြောင့် မောင်တော မြောက်ပိုင်းရဲ့ အချက်အချာနေရာဖြစ်တဲ့ ကြိမ်ချောင်းကျေးရွာအပါအဝင် မောင်တောမြောက်ပိုင်းရှိ စုစုပေါင်းကျေးရွာ ၂၀ခန့်ရှိ ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးရှားပါးလာပြီး မကြာခင်မှာ အခြေခံစားသောက် ကုန်တွေပါ ပြတ်လတ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.