မော်လမြိုင်၊ စက်တင်ဘာ (၂၈)
အာဏာသိမ်း စစ်ကောင်စီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုကို စက်တင်ဘာ ၂၇ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် ပြန်ခေါ်သက်သေမလာတဲ့အတွက် ရုံးချိန်း ထပ်ရွှေ့လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီရုံးချိန်းမှာ ပြန်ခေါ် သက်သေတွေ ဖြစ်တဲ့ စစ်ကောင်စီ မော်လမြိုင်ခရိုင်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဖြစ်တဲ့ ဦးထင်ကျော်နဲ့အဖွဲ့ကို စစ်ဆေးဖို့ စီစဉ်ခဲ့တာပါ။
ဒါပေမယ့် ပြန်ခေါ် သက်သေတွေ မလာတဲ့အတွက် လာမယ့် ရုံးချိန်းကိုတော့ အောက်တိုဘာ ၁၁ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တာ ဖြစ်ပါတယ်။
ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီအမှုအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။
ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် အပြစ်မရှိကြောင်း တရားခွင်မှာ ထွက်ဆိုထားတာပါ။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၁၃၀(က)အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်