မော်လမြိုင်၊ စက်တင်ဘာ (၂၈)

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ပါဝင်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ပေးမယ့် စစ်ကြောင်းကြီး (၅)ကြောင်းလို့အမည်ပေးထားတဲ့ အဖွဲ့ဟာ စစ်တပ်နဲ့ပူးပေါင်းဖို့နဲ့ နယ်မြေသတင်းတွေပေးဖို့ စည်းရုံးပေမယ့် အလုပ်မဖြစ်နိုင်ဘူးလို့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်ကတည်းက မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ပါဝင်တဲ့ စစ်ကြောင်းကြီး ၅ ကြောင်းအမည်ရ အဖွဲ့က နယ်လှည့် စည်းရုံးရေးဆင်နေတာပါ။

အဲဒီစည်းရုံနေမှုဟာ အခုလကုန်ပိုင်းအတွင်း မြို့နယ်အများစုမှာ ကျယ်ကျယ်ပြန့်ပြန့်ပိုမို လုပ်ဆောင်လာပေမယ့် စစ်ကောင်စီရဲ့ ပြည်သူအပေါ် ရက်စက်တဲ့လုပ်ရပ်တွေကြောင့် ပြည်သူလူထုတွေ ဘယ်လိုမှ ပါဝင်လာမှာမဟုတ်သလို ပြည်သူတွေက စစ်ကောင်စီနဲ့ ပူးပေါင်းသွားမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုအဖွဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဘယ်လိုပြောမလဲ၊ လုပ်မိလုပ်ရာ လျှောက်လုပ်နေတာလို့ပဲ မြင်တာပေါ့နော်။ ဘာမှလည်း အရာရောက်လာမှာ မဟုတ်ဘူး၊ ပြီးတော့ ပြည်သူတွေ သူတို့အပေါ် အမြင်ကြည်လာမှာလည်း မဟုတ်ဘူး၊ အခုတလောဆို ပိုဆိုးတာပေါ့၊ ကလေးလေးတွေ သေဆုံးမှု များလာတော့လေ၊ လေယာဉ်အသုံးပြုမှုတွေလည်း များလာတယ်၊ အဲဒီပျံ့နှံ့မှုကိုတောင် ထိန်းနိုင်မှာ မဟုတ်ဘူး၊ ဘယ်လိုပြောမလဲ ရိုက်ပြီးမှ မုန့်ပြန်ကျွေးသလို ဖြစ်နေတယ်၊ အသေရိုက်သတ်ပြီးတော့မှ မုန့်ပြန်ကျွေးသလိုဖြစ်နေတာ ဘယ်လိုမှလည်း ပြည်သူတွေက သူတို့ဘက်ပြန်ပါဖို့ မရှိပါဘူး။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းကြီး (၅) ကြောင်းဟာ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူကုန်ကူးမှုအန္တရာယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအကြိမ်ပြည့် ထိုးနှံနိုင်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံတွေကို လိုက်လံစည်းရုံးနေခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လိုက်လံစည်းရုံအပေါ် ပြည်သူတွေအနေနဲ့ ထိပ်တိုက်မတွေ့မိအောင် သတိထားနေထိုင်ကြဖို့၊ ထိတွေ့ဆက်ဆံရပါကလည်း အထိုက်အလျောက် ဆက်ဆံပြီး နေထိုင်သွားကြဖို့ တိုက်တွန်းတာပါ။

“ ပြည်သူတွေအနေနဲ့လည်း နေတတ်အောင်ပေါ့နော်။ သူတို့နဲ့ အတတ်နိုင်ဆုံး ရေလိုက်ငါးလိုက်နေ။ ပြီးရင် ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်။ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့စရာရှိတာကို ထောက်ပံ့၊ ကိုယ့်အလုပ်ပဲ လုပ်၊ သူတို့နဲ့ ထိပ်တိုက်မတွေ့ မိအောင် ရှောင်ကြပေါ့။” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းကြီး ၅ ကြောင်းလို့အမည်ပေးထားတဲ့ စီမံချက်ကို မွန်ပြည်နယ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာ (၂၁)ဌာနက ဝန်ထမ်းအကြီးအကဲတွေ ဦးဆောင်ပြီး ဆောင်ရွက်နေတာပါ။

စစ်ကြောင်း ၅ ကြောင်းအဖွဲ့မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေးဖွံ့ဖြိုးဖို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပါဝင်ကြတယ်ဆိုပေမယ့် တကယ်လက်တွေ့မှာတော့ PDF အဖွဲ့များရဲ့ သတင်းရဖို့နဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဖို့သာ အဓိကထား စည်းရုံးနေကြတာလို့လည်း မွန်ဒေသခံတွေက ယုံကြည်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.