ရန်ကုန် – စက်တင်ဘာ(၂၈)
ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅(ခ) နဲ့ ဒီနေ့ စက်တင်ဘာလ(၂၈) ရက်နေ့မှာထောင်ဒဏ်(၂) နှစ်ထပ်မံအမိန့်ချလိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားပါတယ်။
ကိုဝေယံဖြိုးမိုးကို ၂၀၂၁ ခုနှစ်မတ်လ(၃) ရက်နေ့မှာ GSC ပူးပေါင်းသပိတ်စစ်ကြောင်းကို အာဏာ သိမ်း စစ်ကောင်စီကအကြမ်းဖက်ပစ်ခတ်ဖြိုခွဲခံရချိန်မှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာပါ။
“တနေ့မှာ ပြည်သူလူထုရဲ့ ပြစ်ဒဏ်စီရင်မှုကို စစ်အာဏာရှင်တွေအနေနဲ့ မဖြစ်မ နေခံကြရမှာပါ။ ဒီအတွက်လည်း ကျနော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ တောင်ပေါ် မြေပြန့်ဒေသအ သီးသီးက ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်နေကြတဲ့ အင်အားစုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု အလုံးစုံလွတ်မြောက်ရေးအတွက် ဆုံးခန်းတိုင် အောင် တိုက်ပွဲဝင်သွားမှာပါ” လို့ ဗကသများ အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ပြည်သူလူထုအပေါ်ကျူးလွန်ထားတဲ့ မတရားဖမ်းဆီး၊အကျဉ်းချ၊ နှိပ်စက်သတ်ဖြတ်၊လုယက်မုဒိန်းကျင့်၊ရွာမီးရှို့တဲ့ စစ်ရာဇဝတ်မှုလုပ်ရပ်တွေဟာ စစ်အုပ်စု၊ စစ် အစိုးရ၊စစ်ဗျူရိုကရက်ယန္တယားဆိုတာတွေနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင် စနစ်ကြောင့်ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
စစ်ကောင်စီက ဗကသများအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ကိုဝေယံဖြိုးမိုးကို ကျောက်တံတား၊ကမာရွတ်၊ မရမ်းကုန်း တရားရုံးတွေမှာ စွဲဆိုထားတဲ့ ပုဒ်မ-၅၀၅(က) အမှု(၂)ခု ငြိမ်းစုစီပုဒ်မအမှု(၂)ခုတို့အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၅) နှစ်နဲ့ (၃) လချမှတ်ခံထားရသူဖြစ်ပြီး ဒီနေ့ ချမှတ်ခဲ့တဲ့ အမိန့်ကြောင့် ထောင်ဒဏ်(၇) နှစ်ကျော်ပြစ်ဒဏ်ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။
ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက်ပိုင်း အင်းစိန် အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရချိန်မှာလည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုတွေကို အကြိမ် ကြိမ်ခံနေရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ (၁၅၆၆၂) ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ABSFU