ထီးလင်း၊ စက်တင်ဘာ (၂၈)

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ပုဏ္ဏားကျေးရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ပြီးနောက် အရပ်သားပြည်သူ ၃၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထီးလင်းမြို့နယ်ခန်းမကို ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျေးရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီးနောက် ဒေသခံ နေအိမ်(၅)လုံးကို မီးရှို့ဖျက်စီးခဲ့တာပါ။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်တဲ့အထဲမှာ ပုဏ္ဏားကျေးရွာ စုရပ်ဆောင်အပါအဝင် ဒေသခံ ဦးပေတိုး၊ ဒေါ်ညိုအေး၊ ဦးထွန်းရီ၊ ဦးငှက်စပ်တို့ရဲ့ နေအိမ်တွေလည်း ပါဝင်သွားတာပါ။

ဒေသခံ တစ်ဦးကတော့ အပြစ်မဲ့ပြည်သူ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ အပြစ်မဲ့ပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးမှုအပေါ် လုံးဝလက်မခံနိုင်သလို အပြင်းအထန် ရှုတ်ချတယ်လို့ ပြောပါတယ်။

ပုဏ္ဏားကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ်တချို့ကို ဝင်ရောက် မွှေနှောက်ပြီးနောက် Faw ကား နှစ်စီးနဲ့ ဆိုင်ကယ်လေးစီးအပြင် အိမ်မွေးတိရစ္ဆာန်တွေကိုလည်း စားသောက်ဖို့အတွက် ဖမ်းဆီးယူဆောင်သွားတယ်လို့ သိရပါတယ်။

သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်းမှာ နေအိမ်၊အဆောက်အဦး ၃၆၀၀၀ ကျော် ပျက်စီးခဲ့ရပြီး အဲဒီထဲမှာ မကွေးတိုင်းဒေသကြီးက ဒုတိယအအများဆုံး ပါဝင်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.