မော်လမြိုင်၊ စက်တင်ဘာ (၂၈)

အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ရဲ့ ထိန်းချုပ်နယ်မြေအချို့မှာ တရားစီရင်ရေး ကိစ္စတွေ ဆောင်ရွက်နေပြီးဖြစ်သလို အမှုတချို့လည်း စတင်စစ်ဆေးနေပြီလို့ NUG သတင်း ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ထိန်းချုပ်နယ်မြေတချို့မှာ NUG ရဲ့ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တရားစီရင်ရေးကိစ္စတွေကို စတင်ဆောင်ရွက်နေတာပါ။

တရားစီရင်ရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲနေပြီး၊ တရားစီရင်ရေး ကိစ္စရပ်တည်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်သွားမယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

NUGအနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို လက်တွေ့ကျကျ ထိထိမိမိ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိုးမိုးထိန်းချုပ်နယ်မြေ တွေကို အရင်တည်ဆောက်ခဲ့ပြီး အခုအချိန်မှာ တရားစီရင်ရေးကို စတင်အကောင်အထည် ဖော်ခဲ့တာပါ။

အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုကိစ္စတွေကို အမှုတွဲဖိုင်ဖွင့်ထားပြီးဖြစ်သလို ပြစ်မှုကျူးလွန်သူတွေ ဖမ်းဆီးရမိမှုနဲ့ တရားစီရင်ရေး ကိစ္စတွေကို မကြာခင်မှာ အများပြည်သူကို သက်သေနဲ့တကွ ထုတ်ဖော် တင်ပြ ဖို့ရှိတယ်လို့လည်း သိရပါတယ်။

တရားရေးမဏ္ဍိုင် အသက်ဝင်လာပါက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်တဲ့ နယ်မြေက ပြည်သူတွေ ဥပဒေ အကာ အကွယ် ရရှိလာမှာဖြစ်ကာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဟန်ချက်ညီညီ လုပ်ဆောင်ပြီး တရားမျှတတဲ့အစိုးရ အဖြစ် ပြသနိုင်ဖို့ နဲ့ တရားစီရင်ရေး စနစ်ကောင်းတစ်ခု ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လည်း ဦးနေဘုန်းလတ်က ဆက်လက် ပြောဆို ပါတယ်။

တရားစီရင်ရေးစနစ်ဟာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုနဲ့ တည်ဆောက်ရတာ ဖြစ်တဲ့အတွက်ကြေင့် တရားစီရင်မယ့် တရား သူကြီးတွေရဲ့ အရည်အချင်းသာမက စာရိတ္တပိုင်း စိတ်ချရသူတွေကို စိစစ်ရွေးချယ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီတရားစီရင်ရေးစနစ်မှာတော့ အရပ်ဘက်ဆိုင်ရာ ပြစ်မှုတွေနဲ့ စစ်ဘက်ဆိုင်ရာ ပြစ်မှုတွေကိုပါ စစ်ဆေးသွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားစီရင်ရေး ဖော်ဆောင်မှုနဲ့ တရားရုံးများ စောင့်ကြည့်ထိန်းညှိရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကောင်းမြတ်သူက သံလွင်တိုင်းမ်ကို ဖြေကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.