ရန်ကုန် ၊ စက်တင်ဘာ ၂၈

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဘယ်နည်းနဲ့မှ တွေ့ဆုံဆွေးနွေးတာ မလုပ်ဘဲ စစ်တပ်ကို နိုင်ငံရေးကနေ အပြီးအပိုင် အမြစ်ဖြတ်ပစ်ဖို့ လူထုနဲ့အတူ ပူးပေါင်းရပ်တည် တိုက်ပွဲဝင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၅၀၀ကျော်က တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ အရပ်ဘက်အဖွဲ့အစည်း ၅၆၇ ဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေထံ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းဆိုလိုက်တာပါ။

စစ်ကောင်စီပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သူတို့ရဲ့ နိုင်ငံရေး၊စစ်ရေးနဲ့ စီးပွားရေး အကျပ်အ တည်းကနေ ထွက်ပေါက်ရှာဖို့ ကြားခံအသုံးချတဲ့ အတုအယောင်ဆွေးနွေးသာဖြစ်လို့ တက်ရောက် ပါဝင်ခြင်းမပြုကြဖို့ တိုက်တွန်းထားတာပါ။

အိတ်ဖွင့်စာအရ အားကောင်းလာနေတဲ့ ပြည်သူလူထုရဲ့ ခုခံတော်လှန်မှုကို စစ်အုပ်စုက အံမတုနိုင်တော့တဲ့ အခြေအနေမှာ ပြည်သူနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို လှည့်စားဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးချပြီး အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဟန်ပြနေခြင်းသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

EAOs တွေကို ဖိတ်ခေါ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်စွဲကာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ စစ်အုပ်စုက ကြိုးစားလာတာဟာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်တည်ဆောက်ရေးနဲ့ EAOs တွေ လိုလားတဲ့ နိုင်ငံရေးအဖြေရှာဖို့ မဟုတ်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်က ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုကို နိုင်ငံတဝန်း ခုခံတော်လှန်နေတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေ၊ပြည်သူတွေနဲ့ EAOs အင်အားစု တွေကြား ခွဲထုတ်ဖြိုခွင်းဖို့ ရည်ရွယ်ချက်သက်သက်နဲ့ ပြုလုပ်တဲ့ အတုအယောင်ဆွေးနွေးပွဲ ဖြစ်ကြောင်း ထင်ရှားလွန်းတယ်လို့ ထည့်သွင်း ဖော်ပြထားပါတယ်။

တစ်ဖက်မှာ‌တော့ စစ်ကောင်စီဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကရင် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ DKBA၊ KNU/KNLA-PC ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (AL P) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့က တက်ရောက် ဆွေးနွေးထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA/မိုင်းလား) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်တို့က စက်တင်ဘာ ၂၆ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဆက်လက် ဆွေးနွေးနေကြတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.