ပခုက္ကူ – စက်တင်ဘာ(၂၈)

မကွေးတိုင်း ပခုက္ကူခရိုင်မှာရှိတဲ့ ကျေးရွာ (၁၅) ရွာက စစ်ဘေးရှောင် (၂)သောင်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဆိပ်ဖြူမြို့နယ် ဝါဇီစက်ရုံနဲ့ ကပစ(၂၂) လက်နက်စက်ရုံကြားက သံပုရာပင်၊ဆားလောင့်၊ အနောက်ကမ်းဖြူ၊ဘဲကျဲ၊ကျားပေ၊ကျားကွဲ၊ညောင်ဂွေးဝကျေးရွာတွေနဲ့ ယောချာင်းတစ်ဖက် ကမ်း ပခုက္ကူမြို့နယ်က စိုင်းဖြူ၊ရှားဒူးရွာ၊တောင်ပါးလူ၊အရှေ့ကမ်းဖြူ၊ဥယျာဉ်စု၊ဒဲ့ပြား၊ စညောင်၊မြစ်ဖျားလေးတိုင်စတဲ့ ကျေးရွာ(၁၅) ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့ အတွက် ဒေသခံတွေစစ်ဘေးတိမ်းရှောင်နေကြရတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၆) ရက်နေ့ကနေ (၂၅) ရက်နေ့အထိ စစ်ကြောင်းထိုးလာတဲ့အတွက် စစ်ရှောင်ပြည်သူတွေကို ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေဆီပို့ဆောင်ပေးထားတယ် လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ အခြေခံသုံးပစ္စည်းတွေ လိုအပ်နေပေ မယ့် အညာဒေသဖြစ်နေတဲ့အတွက် ကူညီမှုတွေနည်းပါးနေတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကြောင်းတစ်လျှောက်က ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ဖောက်ထွင်းလုယူတာတွေ ပြုလုပ်ခဲ့သလို အနောက်ကမ်းဖြူကျေးရွာက အသက်(၃၀) ဝန်းကျင် ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး လက်နက်ကြီးပစ်ခတ်တာနဲ့ မီးရှို့ဖျက်ဆီး မှုတွေကြောင့် နိုင်ငံတဝန်းမှာ နေအိမ်အဆောက်အဦး(၃၆၀၀၀) ကျော်ပျက်စီးခဲ့ပြီး အဲ့ဒီထဲမှာ မကွေးတိုင်းဟာ ဒုတိယအများဆုံးဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.