စစ်ကိုင်း – စက်တင်ဘာ(၂၈)
အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ရဲတပ် ဖွဲ့တွေကို ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဟန်ချက်ညီအောင်ဆောင်ရွက်ကြဖို့ NUG ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ရဲ့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။
“တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်တွေရဲ့ ဆောင်ရွက်ချက်တွေက များစွာ အရေး ပါတယ်။ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေဟန်ချက်ညီစွာဆောင်ရွက်ကြရမှာဖြစ်တယ်” လို့ NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောခဲ့ပါတယ်။
ပြည်သူ့လုံခြုံရေးအဖွဲ့တွေအနေနဲ့ ပြည်သူ့ ဝန်ဆောင်မှုကဏ္ဍတွေကို လစ်ဟင်းမှုမရှိစေ ဖို့ဝိုင်းဝန်း ကြပ်မတ်ဆောင်ရွက်ကြဖို့လည်း ဝန်ကြီးကတိုက်တွန်းခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ ပြည်သူ့ရဲတပ်ဖွဲ့ အဖွဲ့ဝင်တွေက လုပ်ငန်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရှင်း လင်းတာတွေပြုလုပ်ခဲ့ပြီး မြို့နယ် ပလဖ အဖွဲ့ဝင်တွေက မြေပြင်က အမှုကိစ္စဆောင်ရွက်နေတဲ့ အခြေအနေ၊တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ပီပီပြင်ပြင်လည်ပတ်နိုင်ဖို့အတွက် ကြုံတွေ့နေရ တဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိန်းချုပ်နယ်မြေအတွင်း ကျေးရွာအုပ်ချုပ်ရေးယန္တရားတွေကို ခိုင်ခိုင်မာမာလည်ပတ် နေတဲ့ အခြေအနေတွေကို ရှင်းလင်းခဲ့ကြပြီး ဝန်ကြီးဌာနက တက်ရောက်လာတဲ့ အဖွဲ့တွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားတာတွေလုပ်ဆောင်ခဲ့ပါတယ်။
စက်တင်ဘာလ(၂၇) ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့တွေနဲ့ တွေ့ဆုံပွဲကို ဝန်ကြီးဦးလွင်ကိုလတ်က ဦးဆောင်ပြီး အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်နဲ့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ရဲတပ်ဖွဲ့ က တာဝန်ရှိသူ တွေတက်ရောက်ခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်