ထီးလင်း – စက်တင်ဘာ(၂၃)

မကွေးတိုင်းထီးလင်းမြို့နယ် ကံသာကျေးရွာကို စစ်ကောင်စီတပ်တွေက အကြောင်းမရှိဘဲ မီးပတ်ရှို့လို့ နေအိမ်ဆယ်လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အင်အား(၁၂၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကံသာရွာကို ဒီနေ့ စက်တင်ဘာလ (၂၃) ရက်နေ့ မနက် (၈) နာရီဝန်းကျင်တည်းက မီးရှို့နေတာပါ။

“မီးကထိန်းနိုင်သွားပါပြီ။ တစ်ရွာလုံးကိုလောင်စေချင်တဲ့သဘောမျိုးပတ်ရှို့သွားတာ။ တစ်မိသားစုလုံး CDM လုပ်ထားတဲ့နေအိမ်လည်းပါသွားတယ်။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် ကျေးရွာကိုမီးရှို့ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ သေနတ်တွေ ပစ်ဖောက်ပြီး ဆင်စွယ်ရွာဘက်ကို ထွက်ခွာသွားတယ်လို့ သူက ပြောပါသေးတယ်။

ဒါ့အပြင် စက်တက်ဘာလ(၂၂) ရက်နေ့ကလည်း ပခုက္ကူမြို့နယ် ဂဝံလေးတိုင်ရွာကို မီးရှို့ခဲ့တဲ့ အတွက် နေအိမ်ဆယ်လုံးကျော်မီးလောင်ထားပါတယ်။

စစ်ကောင်စီတပ်က မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ကို စစ်ကြောင်းထိုးနေပြီး လမ်းတလျှောက်က ကျေးရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီး ခေါ်ဆောင်တာနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေလုပ်ဆောင်နေပါတယ်။

မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်မှုကြောင့် နေရပ် စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင် (၄)သောင်းဝန်းကျင်ရှိနေပြီး သူတို့အတွက် စားနပ်ရိက္ခာနဲ့ အခြေခံအသုံးအဆောင်ပစ္စည်းတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.