ရေး၊ စက်တင်ဘာ (၁၈)

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က PDF တွေရှိနိုင်တဲ့ နေရာတွေကို လေယာဉ်နဲ့ ကင်းထောက်တာတွေ ဆက်တိုက် လုပ်ဆောင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီ ကင်းထောက်လေယာဉ်တွေဟာ PDF စခန်းတွေ ရှိနိုင်တဲ့ နေရာတွေကို နေ့ရောညပါ ကင်းထောက်တာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က PDF စခန်းတွေ ရှိနိုင်တဲ့ နေရာတွေကို လေယာဉ်နဲ့ ကင်းထောက်လာတဲ့အတွက် ပြင်ဆင်စရာတာ ပြင်ဆင်ထားတယ်လို့ ရေး YPDF North တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က အခုလို လေယာဉ်နဲ့ ကင်းထောက်လာတာဟာ သူတို့ စစ်ကြောင်းထိုးဖို့အတွက် ကြိုတင်ပြင်တဲ့အနေနဲ့ မြေပြင် ပထဝီအခြေအနေကို သိရှိအောင်ဆောင်ရွက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ဖို့ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ သူတို့ စစ်ဆင်ရေးထိုးမယ့်နေရာတွေမှာ နယ်မြေအခြေအနေအရ လူအင်အားနဲ့ ခြေလျင်သွားလာဖို့ ခက်ခဲတဲ့နေရာတွေနဲ့ သူတို့အင်အား နည်းတဲ့အခါတွေမှာ လေယာဉ်တွေကို အသုံးပြုပြီး လက်နက်ကိုင်အဖွဲ့တွေရဲ့ နေရာကို သိရှိအောင် လေယာဉ်အသုံးပြုကင်းထောက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

ရေးမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေဟာ PDF တွေရှိနိုင်မယ့် နေရာတွေထိ စစ်ကြောင်းထိုး တိုက်ခိုက်တာမျိုးမရှိသေးဘဲ အခုအခါမှာတော့ လေယာဉ်နဲ့ ကင်းထောက်မှုတွေ လုပ်ဆောင်လာတာပါ။

ရေးမြို့နယ်ထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် PDF တပ်ဖွဲ့တွေက စစ်ကောင်စီယာဉ်တန်းတွေ၊ ဂိတ်စခန်းတွေ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ သတင်းပေးဒလန်တွေကို မကြာခဏ ပစ်ခတ်ရှင်းလင်းမှုတွေ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.