မော်လမြိုင်၊ စက်တင်ဘာ (၁၈)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ အခုနှစ် စက်တင်ဘာလအတွင်း ဆန်ဟောင်း လက်ကျန် နည်းပါးလာတာ၊ အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက်နေတဲ့အတွက် ဆန်ဈေးနှုန်းတွေ စံချိန်တင် ထပ်မံ မြင့်တက်လာတယ်လို့ ဆန်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆန်ဈေးနှုန်းဟာ စက်တင်ဘာ ဒုတိအပတ်အတွင်း ပေါ်ဆန်း တစ်အိတ်ကို ကျပ် ၇၀၀၀၀ လောက်ထိ ဈေးနှုန်း မြင့်တက်လာသလို ပေါ်ကျွဲကလည်း တစ်အိတ်ကို ကျပ် ၆၀၀၀၀ နီးပါး၊ ဆန်ကြမ်းအုပ်စုဝင် ဖြစ်တဲ့ ဧည့်မထဆန်ကလည်း တစ်အိတ်ကို ကျပ် ၅၀၀၀၀ လောက်ထိ ဈေးနှုန်း ထပ်မံ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဆန်ဈေးနှုန်းဟာ စပါးဈေးနှုန်း ဆက်လက် မြင့်တက်လာတာ၊ လက်ကျန်ဆန်ဟောင်းပြတ်လပ်တဲ့အတွက်ကြောင့် ဈေးနှုန်း ထပ်မံ မြင့်တက်လာတာ ဖြစ်တယ်လို့ ဆန်ကုန်သည် တစ်ဦးက ပြောပါတယ်။

“ဆန်အဟောင်းရာသီကုန်လို့ ဆန်သစ်ရာသီရောက်တော့မယ်ဆိုတော့ ထုံးစံအတိုင်းပေါ့၊ နှစ်စဉ်ဆို ဒီလိုပဲလေ၊ဆန်အဟောင်းပြတ်လပ်မှုနဲ့ ဆန်အဟောင်းနည်းလာပြီဆိုတော့ ဆန်အသစ်ကလည်း လကုန်လောက်ဆို ဝင်လာတော့မယ်။ပဲခူးတိုင်းဆို ထွက်နေပြီ။နောက်နှစ်လ၊ တစ်လကျော်လောက်ဆို ဆန်ချောတွေ ဝင်လာတော့မှာပေါ့၊ ဆန်အဟောင်းရာသီပြတ်ရင် ဒီလိုပါပဲ။ဒါပေမယ့် ဆန်သစ်ပေါ်လာရင် (ဆန်ဈေး) ကျသွားမယ်” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါပေမယ့် ဆန်ဈေးနှုန်းဟာ လာမယ့်နှစ်လအတွင်း မိုးစပါးတွေ ထွက်ပေါ်တော့မှာ ဖြစ်လို့ ဈေးနှုန်း ကျဆင်းလာနိုင်ပေမယ့် အဲဒီမတိုင်ခင်ကာလတွေမှာတော့ ဈေးနှုန်း ထပ်မံ မြင့်တက်လာနိုင်တယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်တာပါ။

တစ်ဖက်မှာတော့ ဆန်ဈေးနှုန်းဟာ လျှပ်စစ်မီးမမှန်တာ၊ စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာနဲ့ သယ်ယူပို့ဆောင်ရေး အပါအဝင် အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် စပါးစိုက်တောင်သူတွေမှာလည်း သွင်းအားစုကုန်ပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေသြဇာ၊ စက်သုံးဆီ အပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက်မှုတွေကို ရင်ဆိုင်နေရသလို တချို့ စိုက်ပျိုးလုပ်ငန်းတွေမှာတော့ ကုန်ကျစရိတ် သက်သာစေမယ့် ကြဲခင်းစနစ်တွေကို ပြောင်းလဲလာကြတာပါ။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှု အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်ဟာ အထွေအထွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ လေလုံးကြွားနေတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.