ဒါကာ၊ စက်တင်ဘာ (၁၇) 

ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို မြန်မာဘက်မှ ပစ်လွှတ်လိုက်တဲ့ မော်တာကျည်တွေကျရောက်ပြီး အသက် ၁၅နှစ်အရွယ် ရိုဟင်ဂျာကလေးငယ်တစ်ဦးသေဆုံးခဲ့ကာ အနည်းဆုံး၆ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တို့က ပြောကြားခဲ့ပါတယ်။

ဒါဟာအကြမ်းဖက်မှုတွေအနက်က နောက်ဆုံးဖြစ်ရပ်တစ်ခုလို့လည်း သူတို့က ပြောဆိုခဲ့ကြပါတယ်။ 

၂၀၁၇ ခုနှစ်အတွင်းကစလို့ မြန်မာစစ်တပ်ရဲ့  အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့်  မြန်မာနိုင်ငံဘက်က လူပေါင်းများစွာက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ အတွက် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တစ်ခု ဖြစ်လာကာ ရိုဟင်ဂျာလူမျိုးသန်းနဲ့ချီပြီး နေထိုင်နေကြတာပါ။

မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့ တိုက်ပွဲတွေကြောင့်လည်း ရိုဟင်ဂျာလူမျိုးတွေ ပိတ်မိနေခဲ့ဖူးတာတွေလည်း ရှိခဲ့ပါတယ်။ 

ခန့်မှန်းခြေ ရိုဟင်ဂျာလူမျိုး ၄၀၀၀ ခန့်နေထိုင်ပြီး ဘယ်သူမှ ပိုင်ဆိုင်ခြင်းမရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှာရှိတဲ့ မြေကွက် လပ်တစ်ခုမှာ နေထိုင်တဲ့ လူငယ်လေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၁၆ ရက်နေ့က လက်နက်ထိမှန်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ရိုဟင်ဂျာ ခေါင်းဆောင် ဒီလ် မိုဟာမတ်က ပြောပါတယ်။

“ကျွန်တော်တို့ ဒီမှာနေရတာတောင် အကြောက်တရားတွေက ပကတိအတိုင်းပါပဲ။ ဘယ်လိုဖြစ်ရပ်မျိုး မဆို ဖြစ်သွားနိုင်တာပါ”လို့ မိုဟာမတ်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်အစိုးရ အာဏာပိုင်တွေနဲ့  နယ်ခြားစောင့်ကြပ်ရေး အာဏာပိုင်တွေရဲ့  ပြောဆိုချက်တွေအရ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာလူမျိုးတွေ မြန်မာဘက်ကို ကြီးမားတဲ့ ဆန္ဒထုတ်ဖော်မှုတစ်ရပ်ပြုလုပ်ပြီးတုံ့ပြန်သွားဖို့ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အဲ့ဒီထုတ်ပြန်ကြေငြာချက်မှာတော့ ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်အတွင်းကို မော်တာကျည်တွေ ကျရောက်ပေါက်ကွဲမှု တွေ၊ နယ်နိမိတ်ချင်း ထိစပ်နေပေမယ့်လည်း မြန်မာနိုင်ငံဘက်က ခွဲခြားသတ်မှတ်နားတာ မရှိဘဲ ပစ်ချင်သလို ပစ်ခတ်မှုတွေနဲ့ လေပိုင်နက်တွေ အတွင်းကို ကျူးကျော်ဝင်ရောက်မှုတွေအပေါ် အထူးစိုးရိမ်နေရပါတယ်လို့ဆိုထားပါတယ်။

ဒီလိုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒါကာမြို့က မြန်မာသံအမတ်ကို သက်ဆိုင်ရာအာဏာပိုင်တွေက သုံးကြိမ်တိုင်တိုင်ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.