မော်လမြိုင်၊ စက်တင်ဘာ (၁၈)

Wave Money ၊ Kpay စတဲ့ မိုင်ဘိုင်းငွေပေးချေမှု ငွေကြေးအကောင့်တွေမှာ Level 2 အဆင့်မြှင့်တင်ထားတာ မရှိဘဲ ကိုယ်ရေးအချက်အလက် မပြည့်စုံတဲ့ မိုဘိုင်းငွေကြေးအကောင့်တွေကို အပြီးပိတ်သိမ်းမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် စက်တင်ဘာ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မိုဘိုင်းငွေပေးချေမှု အကောင့်တွေကို စစ်ကောင်စီ လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနနဲ့ ဆက်သွယ်ရေး ညွန်းကြားမှုဦးစီးဌာနတွေက စာရင်းမှာ ဖြည့်စွက်ထားတဲ့ အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်နဲ့ ဆင်းမ်ကတ် နံပါတ်တွေကို အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်နဲ့ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်တွေက အချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

အခုလို တိုက်ဆိုင် စစ်ဆေးတဲ့ နေရာမှာ မိုဘိုင်း ငွေပေးချေမှု အကောင့် အသုံးပြုသူတွေ အနေနဲ့ အချက်အလက် ပြည့်စုံစွာ ဖြည့်သွင်း ထားရမှာ ဖြစ်ပြီး သတ်မှတ်ကာလ အတွင်း ဖြည့်သွင်းခြင်း မရှိပါက မိုဘိုင်း ငွေကြေး စာရင်းတွေကို အပြီး ပိတ်သိမ်သွား ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မိုဘိုင်း ငွေပေးချေမှု စနစ် အသုံးပြုသူတွေ အနေနဲ့ နီးစပ်ရာ ကိုယ်စားလှယ်တွေ၊ ဘဏ်တွေကို သွားရောက်ပြီး မိမိတို့ရဲ့ ကိုယ်ရေး အချက်အလက် တွေကို အဆင့်(၂)သို့ အချိန်မီ မြှင့်တင်ဖို့ လိုအပ်သလို မြှင့်တင်လိုခြင်း မရှိသူတွေ အနေနဲ့ မိမိတို့ လက်ကျန်ငွေ အသုံးပြု နိုင်အောင် နည်းလမ်းတွေကို ဘဏ်တွေ မိုဘိုင်း ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဆက်သွယ်ဆောင်ရွက် နိုင်တယ်လို့ ဆိုထားပါတယ်။

မိုဘိုင်း ငွေပေးချေမှု အကောင့်တွေကို စစ်ဆေးရတာဟာ မသမာသူတွေက အချက်အလက် မှန်ကန်စွာ ဖြည့်စွက်ခြင်း မရှိဘဲ မိုဘိုင်း ငွေပေးချေမှု စနစ်တွေ အသုံးပြုကာ တရားမဝင် ငွေလွဲပြောင်းတာတွေ ငွေကြေးလိမ်လည်တာတွေ ရှိတာကြောင့် ပြုလုပ် ရတာ ဖြစ်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ တော်လှန်ရေး အင်အားစုတွေကို မိုဘိုင်စနစ်တွေက တဆင့် ငွေကြေး ထောက်ပံ့လို့ မရအောင် လုပ်ဆောင်တာ ဖြစ်သလို အရင်လို ငွေသွင်း ငွေထုတ်တဲ့ နေရာမှာ ပိုမို ခက်ခဲလာအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ငွေကြေး ဝန်ဆောင်မှု လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့လတုန်းကလည်း မိုဘိုင်း ငွေလွဲ ငွေထုတ် ဝန်ဆောင်မှု လုပ်ကိုင်သူတွေကို ဆိုင်တွေမှာ CCTV ကင်မရာ တပ်ဆင်ပြီး ငွေလွဲ ငွေထုတ်သူတွေကို လျှို့ဝှက် ကင်မရာတွေနဲ့ ဓာတ်ပုံ မှတ်တမ်း ရယူထားဖို့ ညွှန်ကြားထားတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.