ရန်ကုန်၊ စက်တင်ဘာ (၁၈)

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း ကင်ဆာဆေးဈေးနှုန်း အဆမတန် မြင့်တက်လာမှုနဲ့အတူ ဆေးဝယ်ယူဖို့ လက်လှမ်းမမှီတော့တာကြောင့် ကင်ဆာဝေဒနာရှင်တွေ အသက်အန္တရာယ် ပိုမို ထိခိုက်လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆေးဝါးပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကင်ဆာ‌ဆေးသွင်းဖို့အတွက် အရင်က သက်ဆိုင်ရာဆေးရုံကြီးတွေမှာ စာရင်းသွင်းပြီးအလှည့်ကျ စောင့်ဆိုင်းကာ ဈေးနှုန်းသက်သက်သာသာနဲ့ ဆေးသွင်းလို့ရခဲ့ပေမယ့် အခုအခါမှာတော့ ဆေးရုံကြီးမှာလည်း ဆေးသွင်းခွင့်ရဖို့ မလွယ်ကူတော့တာကြောင့် အချိန်မီဆေးသွင်းရဖို့ အတွက် ပြင်ပဆေးခန်းတွေမှာပဲ ဆေးဝယ်ပြီး သွင်းနေကြရတာဖြစ်ပါတယ်။

ဒါပေမယ့် ကင်ဆာဆေးဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၃ ဆနီးပါးမြင့်တက်လာတဲ့ အခြေအနေကို ကင်ဆာဝေဒနာရှင်တွေ အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

ကင်ဆာဆေးဈေးနှုန်းကြောင့် ဝေဒနာရှင် အများစုဟာ ဆေးသွင်းဖို့ မတက်နိုင်တော့အတွက် အသက်အန္တရာယ် ပိုမို ထိခိုက်လာတဲ့ လူနာတွေ ရှိလာတယ်လို့ ဆေးဝါးပညာရှင် တစ်ဦးက ပြောပါတယ်။

‘‘ ခုချိန်ထိ အဓိကပြသနာကတော့ ဈေးနှုန်းကြီးမြင့်တဲ့ ပြသနာပေါ့။ဆေးဝါးတွေက အရမ်းကြီးပြတ်တောက်သွားတာမျိုးတော့ မရှိသေးဘူး။ဈေးနှုန်းကြီးမြင့်လာတဲ့ အခါကျတော့ ကင်ဆာသမားတွေအနေနဲ့ ဆေးဝယ်ဖို့ အလွယ်တကူလက်လှမ်းမမီတော့တာက အဓိကပြသနာဗျ။ ဈေးနှုန်းကမြင့်တက်လာတော့ နဂိုက နှစ်သိန်းလောက်ကုန်တဲ့ဟာက အခုဆို လေးသိန်းလောက်ကုန်လာတဲ့အခါကျတော့ တချို့ကင်ဆာဝေဒနာရှင် တွေက မတတ်နိင်တော့တတ်နိုင်တဲ့အချိန်ထိစောင့်ရင်းစောင့်ရင်းနဲ့ပြရောဂါအခြေနေကပိုဆိုးလာပြီး အသက်အန္တရာ်ယ်ထိခိုက်သွားတဲ့ လူနာမျိုးအထိ ကျွန်တော်တို့ကြုံလာရတယ်”လို့် ဒေါက်တာတင်ထွန်းနိုင်ကပြောပါတယ်။

ကင်ဆာဝေဒနာရှင်တွေဟာ ကင်ဆာအလုံးအကြိတ်တွေကို ခွဲစိတ်ဖယ်ရှားပြီးရင် ကင်ဆာဆဲလ်တွေ ကိုယ်ခန္ဓာကိုယ်ထဲ ဆက်လက်မပြန့်ပွားဖို့အတွက် ကီမို၊HERS2 စတဲ့ ကင်ဆာဆေးတွေကို ၁၀ကြိမ်နဲ့ အထက် အကြိမ်ရေပြည့်အောင် ဆေးသွင်း ကုသမှုခံယူရတာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ ကင်ဆာဆေးဝါးဈေးနှုန်းတွေအဆမတန် မြင့်တက်လာ နေတာကြောင့် ငွေကြေးမတတ်နိုင်တော့ဘဲ အချိန်မီ ဆေးမသွင်းနိုင်တာ၊ ဆေးဆက်မသွင်းတော့ဘဲ ရောဂါကို လျစ်လျူရူ လိုက်တာတွေကြောင့် အသက်ဆုံးရှုံးရတာတွေ ပိုမို များပြားလာတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကင်ဆာဝေဒနာရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

‘‘ ကင်ဆာအတွက်ကီမိုဆေးသွင်းတာက ပထမက သုံးသိန်းလောက်ပဲ ကျပေမယ့် အခုဆိုရင်ငါးသိန်းဝန်းကျင်လောက်ကြုံရတယ်။အဲဒါကငွေကြေးအခက်အခဲပေါ့။ဆေးရဖို့အတွက်လည်းအခက်အခဲရှိတယ်။ကျွန်မဆို ကင်ဆာလည်းရှိတယ်။နှလုံးလည်းရှိ တယ်၊ဆီးချိုလည်းရှိတယ်။ အဲ့တော့ ဆေးဝယ်လို့မရတော့ ခြိုးခြံပြီး နှစ်ကြိမ်သောက် ရမယ့်နေရာ မှာ တစ်ကြိမ်ပဲသောက်မယ်ဆိုလည်းမရဘူး။ခန္ဓာကိုယ်က ဝေဒနာခံစားရ တာပေါ့။ ”လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ကင်ဆာဝေဒနာရှင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဆေးဈေးနှုန်းတွေဟာ စစ်ကောင်စီရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ ဆေးပစ္စည်းဆိုင်ရာတင်သွင်းမှု ကန့်သတ်ချက်တွေ၊ ဆေးတင်သွင်းဖို့ ဒေါ်လာ လိုသလောက် ဝယ်ယူလို့ မရတာ၊ သွင်းကုန်လိုင်စင်အခက်အခဲ တွေကြောင့် နိုင်ငံခြားဆေးတင်သွင်းသူတွေ အခက် ကြုံလာကြရတာကြောင့် ဈေးနှုန်း အဆမတန်မြင့်တက်လာနေရတာ ဖြစ်ပါတယ်။

ပြည်ပကနေ ဆေးနဲ့ဆေးပစ္စည်းတင်သွင်းသူတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဒေါ်လာ ဝယ်ယူနေရသလို ရောင်းချသူဘက်ကို ငွေပေးချေနိုင်မှသာ သွင်းကုန်လိုင်စင်ထုတ်ပေးမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လမှာ ထုတ်ပြန်ကြေညာထားတာပါ။

လက်ရှိမှာတော့ နိုင်ငံခြားဆေးမျိုးစုံဈေးနှုန်းတွေ အရင်ကထက်ဈေး နှစ်ဆကနေသုံးဆ အထိဈေးမြင့်တက်လာတာကြောင့် လက်လီရောင်းချသူတွေအနေနဲ့လည်း ဝယ်ယူရောင်းချဖို့ အခက်အခဲရှိလာတဲ့အတွက် ဆေးဆိုင်အချို့ ယာယီပိတ်ထားရတာတွေလည်း ရှိလာနေပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.