မော်လမြိုင် ၊ စက်တင်ဘာ (၁၇)

နိုင်ငံအာဏာကို မတရား သိမ်းယူခဲ့တဲ့ စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ကြဖို့  ပြည့်သူ့ ခုခံတွန်းလှန်စစ် စတင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ကြေညာပြီး တစ်နှစ် အကြာမှာတော့ နွေဦးတော်လှန်ရေးဟာ ခရီးအတော်ပေါက်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

နွေဦးတော်လှန်ရေးအစ ဆန္ဒပြပွဲတွေမှာ “သေရဲတဲ့ကောင်ထွက်ခဲ့” လို့ ရမ်းကားခဲ့ကြ၊ လူနေရပ်ကွက်တွေထဲ ရမ်းသမ်းပစ်ခတ်ခဲ့ကြ၊ ခေတ်ပြောင်းချင်ရင် ခေါင်းကိုပစ်လို့ ဆော်သြခဲ့ကြတဲ့ စစ်ကောင်စီဘက်သားတွေ အခုတော့ နောက်ကြောမလုံတဲ့ အခြေအနေဖြစ်လာနေပါပြီ။

“စစ်ကောင်စီ ဘက်တော်သားတွေဟာ အကာအကွယ် မပါပဲ ဘယ်မှ မသွားလာ ရဲတော့ဘူး။ နောက်တန်း အိမ်ယာဝန်း တွေမှာ ဆိုရင် ပြင်ပက အစားအစာတွေဆို ကွမ်းယာတောင် မစားရဲသလောက် ဖြစ်လာတယ်။ ရုံးတွေဆိုရင် ပြင်ပအစားအသောက်တွေတောင် မှာမစားရဲဘူး CDM မလုပ်တဲ့ သူတွေဆို Online Shopping တောင် မလုပ်ရဲ ကြတော့ဘူး” လို့ ရန်ကုန်တိုင်း ပြည်သူ့ တပ်မဟာအဖွဲ့ တာဝန်ရှိသူ ရိန်းဘိုးက ပြောပါတယ်။

ဒီအခြေအနေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရှုမြင်ချက်တင်မဟုတ်ဘဲ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်သည်ပင် သူ့လက်အောက်ခံအရာရှိစစ်သည်များ သတ္တိမရှိ၊ ကြောက်ရွံ့နေကြသည်ကို ဇွန်လ တတိယပတ်တွင် ပြုလုပ်တဲ့ လေးလပတ် အစည်းအဝေးမှာ ဝန်ခံထားပါတယ်။

စစ်ခေါင်းဆောင်က သူ့လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အင်အားနည်းလာပြီး ကျည်ထွက်ပြီးရော ပစ်ခတ်နေကြကာ “လုပ်ရဲကိုင်ရဲသည့် သတ္တိမရှိဘဲ ကြောက်ရွံ့နေကာ အမိန့်နာခံမှုမရှိ”လို့ ပေါက်ကြားလာတဲ့ လေးလပတ် အစည်းအဝေးမှတ်တမ်း အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။


ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ရဲ့ နန်းထိုက်အောင်စစ်ဆင်ရေးမှာ တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီ ကင်းစခန်း။


လှည်းနေလှေအောင်း၊ မြင်ဇောင်းမကျန်တော်လှန်မယ်

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ NUG အစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ ခုခံတွန်းလှန်စစ် စတင်ပြီဖြစ်လို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လှည်းနေလှေအောင်း၊ မြင်ဇောင်း မကျန် တွန်းလှန် တိုက်ဖျက်ကြဖို့ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီကို တော်လှန်ဖို့ ရာဇသံပေးတဲ့ ကြေညာချက် ထုတ်ပြန်အပြီးမှာတော့ နိုင်ငံရဲ့ မြို့ပြနဲ့ ကျေးလက်မှာပါ မကျန် ပေါက်ကွဲသံတွေ နေရာစိပ်စိပ် ကြားလာရပါတယ်။ အဲဒီနောက်မှာတော့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် တို့မှာ စစ်ကောင်စီနဲ့ ထိတွေ့ တိုက်ပွဲတွေ စတင် ကြားလာရပြီး ရန်ကုန်နဲ့ အခြား မြို့ပြတွေမှာလည်း တိုက်ခိုက်မှုတွေ ရှိလာပါတယ်။

ပြည်သူ့ ခုခံတွန်းလှန်စစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ နိုင်ငံအနှံ့က တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၆,၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၂၀,၁၅၀ ကျော် သေဆုံးခဲ့သလို  ဒဏ်ရာရသူ ၇,၀၀၀ ကျော် ရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒီအချက်အလက်တွေဟာ အာဏာသိမ်း စစ်ခေါင်းဆောင်သာမက သူ့နောက်လိုက် စစ်ကောင်စီတပ်သားများကိုပါ အိမ်မက်ဆိုး မက်စေမယ့် အချက်အလက်တွေဖြစ်ပါတယ်။

တကယ့်လက်တွေ့မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့နောက်လိုက်တွေဟာ စစ်အတတ်ပညာများ အသုံးမချတတ်ခြင်း၊ လက်နက်များကို ထိထိရောက်ရောက် အသုံးမချနိုင်ခြင်း၊ စစ်ဗျူဟာများ အသုံးမချတတ်ခြင်း၊ နည်းပညာမကျွမ်းကျင်ခြင်းစတဲ့ ဘက်ပေါင်းစုံက အားနည်းချက် ရှိနေတယ်လို့ လေးလပတ် အစည်းအဝေးမှာ ထည့်ပြောထားပါတယ်။ ဒီအခြေအနေတွေကြောင့် “ရန်သူ့အင်အားများလာပြီး မိမိတပ် အင်အားနည်းလာတယ်” လို့ အထိတ်တလန့် ညည်းတွားရတဲ့ အခြေအနေ ဖြစ်လာပါတယ်။

၂၀၂၂ ခုနှစ် မေလ ၁၈ ရက်နေ့ သေ့ဘော့ဘိုး စခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားတွေကို တွေ့ရစဥ်

ဘုံရန်သူ စစ်ကောင်စီကို ပေါင်းတိုက်မယ်

လက်ရှိအခြေအနေမှာတော့ နိုင်ငံအနှံ့မှာ တစ်နှစ်အတွင်း PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီး မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ် ၂၅၀ ကျော်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ  စနစ်တကျဖွဲ့စည်း လည်ပတ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတက ခုခံစစ် နစ်နှစ်ပြည့် မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီဟာ ရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအပြင် လက်နက်အားကိုးနဲ့ အာဏာလုခြင်းရဲ့ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပါ ရင်ဆိုင်နေရတာပါ။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF တွေရဲ့ ဘုံရန်သူဟာ စစ်ကောင်စီဖြစ်လာပြီး ဒီဘုံရန်သူကို ပေါင်းတိုက်နိုင်ခဲ့တဲ့ အခင်းအကျင်းတွေ၊ အစွမ်းအစတွေ ပြခဲ့ပြီးဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

“ကျွန်တော်တို့ တွေဟာ မဟာမိတ် EAOs တွေနဲ့လည်း လက်တွဲ ညီခဲ့တယ်ပေါ့နော်။ သမိုင်းမှာ ဘယ်တုန်းကမှ မရှိဘူးတဲ့ ယုံကြည်မှုမျိုးနဲ့ ကျွန်တော်တို့ တည်ဆောက်ပြီးတော့ လက်တွဲ လုပ်ဆောင် နိုင်ခဲ့ပါတယ်။ စစ်သည်အင်အား တစ်သိန်းလောက်ကိုလည်း လေ့ကျင့်ပေးနိုင်ခဲ့တယ်။ ပြည်သူလူထု နဲ့လည်း လက်တွဲညီညီ တိုက်ပွဲတွေကို ဖော်ဆောင် နိုင်ခဲ့ပါတယ် ”လို့ တော်လှန်ရေးတစ်နှစ်အတွင်း အောင်မြင်မှုတွေကို ပြောပါတယ်။

လက်တွေ့မှာလည်း စစ်အာဏာ သိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တိုက်ပွဲပေါင်း ၆,၆၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ ကရင်အမျိုးသား အစည်းအရုံး KNU တပ်ရင်းတပ်ဖွဲ့များရှိတဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ တိုက်ပွဲပေါင်း ၃,၇၃၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ အကြိမ်ရေ အများဆုံး ဖြစ်တယ်လို့ မြန်မာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို စောင့်ကြည့် လေ့လာနေတဲ့ ISP Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။



တော်လှန်ရေး နယ်မြေသစ် အညာ

နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ စစ်ကိုင်း၊ မကွေးစတဲ့ အညာဒေသဟာ စစ်တပ်အတွက် တပ်သားသစ်တွေ၊ တပ်ခေါင်းဆောင် အမြောက်အများ ပေါ်ထွက်လေ့ရှိတဲ့ဒေသလို့ ပြောစမတ်ရှိကြပါတယ်။ ဒါပေမယ့် အာဏာသိမ်းပြီးနောက် ဒီအခြေအနေဟာ ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ အညာဒေသဟာ စစ်ကောင်စီကို  အစောဆုံးလက်နက်ကိုင် တော်လှန်ခဲ့တဲ့ဒေသတွေထဲက တစ်ခုဖြစ်လာပါတယ်။

ခုခံတော်လှန်စစ်တစ်နှစ်ပြည့်ပြီးချိန်မှာတော့ စစ်ကိုင်းတိုင်းထဲက ဒေသအချို့ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာပေါင်း ၁၈၇ ရွာနဲ့ ဖွဲ့စည်းထားတဲ့ ကနီမြို့နယ်မှာ ကျေးရွာပေါင်း ၁၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးနိုင်နေပြီလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဆိုပါတယ်။

ယင်းမာပင်ခရိုင်အတွင်းမှာ ကနီမြို့နယ်ဟာ နယ်မြေအကျယ်ဆုံးဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီကနီ‌ဒေသတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းက ခုအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လက်အောက်ကို အလုံးစုံရောက်နေခဲ့ပြီလို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူးဖြစ်သူက ပြောပါတယ်။

“ကနီမြို့ပေါ်နဲ့ အနီးနားက ရွာ ၃ ရွာလောက်မှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေ ရှိတော့တယ်။ ပြောရမယ်ဆိုရင် ကနီဒေသတစ်ခုလုံးမှာ ကျွန်တော်တို့ဘက်က ၈၀ ရာခိုင်နှုန်းလောက်သိမ်းထားနိုင်ပြီ” လို့ ဆိုပါတယ်။ ကျေးရွာပေါင်း ၁၈၇ ရွာမှာ အကြမ်းဖက်စစ်ကောင်စီက ကနီမြို့ပေါနဲ့ ကနီမြို့ရဲ့ တောင်ဘက်မှာ ရှိတဲ့ ကျေးရွာ ၃ ရွာလောက်ကိုသာ စိုးမိုးထားနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ကျေးရွာပေါင်း ၁၀၀ ကျော်ကို နယ်မြေစိုးမိုးထားနိုင်နေပြီ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) လေ့ကျင့်မှုများ လုပ်ဆောင်နေသည်ကို အောက်တိုဘာ ၁၉ တွင် ထုတ်ပြန်ခဲ့စဉ်။ (ဓာတ်ပုံ-မင်းကင်း PDF တပ်ရင်း-၁) 

နယ်သေးပေမယ့် တော်လှန်အားကြီးတဲ့ ကရင်နီ

နိုင်ငံရဲ့အရှေ့ပိုင်းမှာတည်ရှိပြီး ခရိုင် ၄ ခုနဲ့ဖွဲ့စည်းထားတဲ့ ကရင်နီပြည်နယ်ဟာ သေးငယ်လှပေမယ့် စစ်ကောင်စီကို တော်လှန်ရာမှာတော့ အင်အားကြီးတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ရင်းပါင်း ၂၀ အထိရှိလာပြီဖြစ်ပါတယ်။

ဒီကရင်နီအမျိုးသား ကာကွယ်ရေးတပ်ရင်းတွေဟာ စစ်ကောင်စီတပ်တွေကို အထိနာအောင် တိုက်ခိုက် ထားနိုင်တဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစုရဲ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် သြဂုတ်လ အကုန်အထိ တိုက်ပွဲပေါင်း ၄၅၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်သား ၁,၄၉၉ ဦး အထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ယာဥ် ၄၉ စီးအထိ ဖျက်ဆီး ခံထားရပြီး အရှင်ဖမ်းဆီးခံထားရသူတွေလည်း ရှိပါတယ်။

“စစ်ကောင်စီကို ကျွန်တော်တို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက တော်တော်လေးကို ခုခံတိုက်ခိုက်မှုတွေ လုပ်နိုင် ခဲ့တယ်ပေါ့နော်။ စစ်ကောင်စီဘက်က အထိအခိုက် သေဆုံးမှုတွေများခဲ့တယ် စစ်ကောင်စီက တစ်နှစ်တာ အတွင်းမှာ အရင်လို လွတ်လွတ်လပ်လပ် သွားလာလို့ မရတော့ဘူး ။စစ်ကောင်စီ သွားတဲ့ နေရာတိုင်းမှာ သူတို့ကို ဝိုင်းတိုက်တဲ့ တော်လှန်ရေး အင်အားစုတွေ ရှိတဲ့အတွက် တော်လှန်ရေးမှာ စစ်ရေးအတွက် အတော်လေး အထိနာခဲ့တဲ့ ပုံစံမျိုး ဖြစ်နေတယ် ” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်နီတပ်မတော်မှ တပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၁၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-Kn.A.C) 

ကရင်နီပြည်နယ်မှာ စစ်ကောင်စီဟာ မြို့ကြီးတွေဖြစ်တဲ့ လွိုင်ကော်၊ ဘော်လခဲ၊ ဖားဆောင်း၊ ဒီမော့ဆို အပါဝင် မြို့ပေါ်မှာပဲ အုပ်ချုပ်ရေး ယန္တယားတွေ လည်ပတ်နိုင်တော့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကရင်နီ ပြည်နယ်မှာ စစ်ကောင်စီ လက်အောက်က မဟုတ်တဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတွေ ပြန်လည် ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

KNDF ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ ကရင်နီ ပြည်နယ်က ကလေးအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ စစ်ကောင်စီရဲ့ လက်အောက်မှာ မရှိတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတွေမှာ တက်ရောက်နေပြီး ၂၅ ရာခိုင်နှုန်းကတော့ စစ်ကောင်စီရဲ့ မြို့ပေါ်ကျောင်းတွေမှာ တက်ရောက် နေရပါတယ်။ ကျန်တဲ့ ၅ ရာခိုင်နှုန်း ကတော့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ပညာသင်ခွင့် ဆုံးရှုံး နေရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းဖို့ ပါတီအနေနဲ့ ကရင်နီအမျိုးသား တစ်ရပ်လုံးနဲ့ တခြားတိုင်းရင်းသား လူမျိုးတွေ၊ အစုအဖွဲ့တွေနဲ့ အတူ ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က မနှစ်မေလမှာပြုလုပ်တဲ့ ပါတီတည်ထောင်ခြင်း ၆၅ နှစ် ပြည့်ပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

ကရင်နီဒေသက ကလေး (၇၀)ရာခိုင်နှုန်းနီးပါးဟာ စစ်ဘေးရှောင်စခန်းတွေမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပညာသင်ကြားနေပါတယ်။

ရန်ကုန်ဖို့ တော်လှန်နေတဲ့ မြို့တော်ရန်ကုန်

စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်မှု၊ ညှင်းပမ်းမှု နှိပ်စက်မှုတွေဟာ တိုင်းရင်းသားဒေသများမှာသာမက မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးစတဲ့မြို့တွေမှာပါ ပေါ်ပေါက်လာပြီးနောက် ရန်ကုန်မြို့ဟာလည်း ရန်မကုန်နိုင်တော့ဘဲ အာဏာရှင်ကို အုံနဲ့ကျင်းနဲ့ တော်လှန်နေတာကြောင့် စစ်ကောင်စီ တပ်သားတွေအတွက် နောက်ကြော မလုံရတဲ့ ဒေသတစ်ခု ဖြစ်လာပါတယ်။

ရန်ကုန်မြို့မှာ ပျံလွှားအောင် စစ်ဆင်ရေး၊ နန်းထိုက်အောင် စစ်ဆင်ရေးစတဲ့ စစ်ဆင်ရေးတွေနဲ့ လှုပ်ရှားမှုတွေ ကလည်း နာမည်ကြီးလှပါတယ်။ မြို့ပြပျောက်ကြားတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားတဲ့ အုပ်ချုပ်ရေးမှူးတွေ မရှုမလှသေဆုံးနေကြတာကိုလည်း တွေ့မြင်နေကြရပါတယ်။ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက စစ်ကောင်စီရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို အခုနှစ် ဧပြီလ ၇ ရက်နေ့က ရွှေဂုံရိပ်မွ န်အိမ်ယာ၊ တိုက်(၅) အခန်း(၁၄)မှာ ရှိနေတုန်း သေနတ်နဲ့ ဝင်ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ တော်လှန်ရေးအင်အားစု အဖွဲ့၁၆ ဖွဲ့နဲ့  ဖွဲ့စည်းထားတဲ့ “ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ”လို့ အမည်ပေးထားတဲ့ အဖွဲ့လည်းရှိနေပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းကို လှိုင်း ၃ လှိုင်းနဲ့ တိုက်ခိုက်မယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

လှိုင်း ၃ လှိုင်းဖြစ်တဲ့ Rose Wave(နှင်းဆီလှိုင်း) Eagle Wave(လင်းယုန်လှိုင်း)နဲ့ Dragon Wave (နဂါးလှိုင်း) တို့ ဖြစ်ပါတယ်။ နှင်းဆီလှိုင်ဟာ ဖောက်ခွဲတိုက်ခိုက်တာ၊ လင်းယုန်လှိုင်းဟာ ဖောက်ခွဲတိုက်ခိုက်မှု ပိုမိုကြီးမားလာနိုင်ပြီး နောက်ဆုံးလှိုင်းဖြစ်တဲ့ နဂါးလှိုင်းမှာတော့ ရန်ကုန်တိုင်းကို သိမ်းပိုက်နိုင်တဲ့အထိ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ စစ်အာဏာရှင်ရန်ကုန်နိုင်ဖို့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ ဒီလှိုင်း ၃ လှိုင်းကို စီးမျောလာနေကြပြီလို့လည်း ရန်ကုန်တိုင်း ပြည်သူ့ တပ်မဟာအဖွဲ့ တာဝန်ရှိသူ ရိန်းဘိုးက ပြောပါတယ်။ “ရန်ကုန်တိုင်းဟာ အများကြီး လှုပ်ရှားလာတယ်။ လက်နက်ကိုင် တော်လှန်ရေး အရှိန် ပြန်မြင့်လာတယ်။ ကျွန်မတို့ အရှေ့က ပြောခဲ့တဲ့ အတိုင်း လှိုင်း ၃ လှိုင်းမှာ လှိုင်းစီးသူတွေ များလာတယ်”လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့မှာ နိုဝင်ဘာ ၁၀ ရက်နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားမှုကို တွေ့မြင်ရတာဖြစ်ပြီး ထိုနေ့က ပေါက်ကွဲမှု အနည်းဆုံး ၅ ကြိမ် ဖြစ်ပွားခဲ့သည်။


လက်နက်မရှိသေးပေမယ့် စိတ်ဓာတ်ရှိတယ်

နိုင်ငံအနှံ့မှာရရာလက်နက်ဆွဲကိုင်ပြီး စစ်ကောင်စီကို တော်လှန်နေကြပေမယ့် တော်လှန်ရေး အင်အားစုတွေအတွက် လိုအပ်တာက စစ်ပစ္စည်းလက်နက်ဖြစ်နေတာကလည်း ငြင်းမရတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

“လက်နက်ခဲယမ်း အထောက်အပံ့တွေ ပြည့်ပြည့်ဝဝ မလုပ်နိုင်ဘူး။ ဒီထက် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှာသင့်တယ်။ အဓိကကတော့ ချိတ်ဆက် ဆောင်ရွက်မှုတွေ၊ PDF အချင်းချင်းပဲဖြစ်ဖြစ် ပြည်နယ်တစ်ခုနဲ့ တစ်ခု တိုင်းတစ်ခုနဲ့တစ်ခု နောက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ရော အားလုံးက ချိတ်ဆက် ဆောင်ရွက်ဖို့က လိုအပ်နေသေးတယ်” လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ပါတီရဲ့ အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုနိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကတော့ NUG ဟာ လက်နက် ထောက်ပံ့နိုင်မှုတွေကို ပြည့်ပြည့်စုံစုံ မလုပ်နိုင်ပေမယ့် နိုင်ငံတကာ ဆက်ဆံရေးမှာ စစ်ကောင်စီထက် သာလွန်တာကို လက်ခံရမယ်လို့  မှတ်ချက်ပြုပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် သမာသမတ်ကျကျ ကြည့်တဲ့အခါမှာကျတော့ အခက်အခဲတွေကြားက သံတမန်ရေး တိုက်ပွဲမှာ စစ်ကောင်စီနဲ့ သွားယှဥ်လိုက်ရင်တော့ အားသာချက်ကို သွားတွေ့ရတယ်။ ဘာလို့လည်းဆိုတော့ ကုလသမဂ္ဂမှာ တရားဝင် နေရာရှိထားတယ်။ နောက်ပြီး ပြည်တွင်းမှာ ဆိုရင်လည်း NUG ဟာ စစ်ကောင်စီနဲ့ ယှဥ်မယ်ဆိုရင် ပြည်သူထောက်ခံမှုက သာတယ်ဆိုတာ ပြောလို့ရတာပေါ့ ”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့ ပြည်သူ့ကာကွယ်ရေးတပ် ကျားသစ်နက်အဖွဲ့ဝင်များကို တွေ့ရစဉ်

ISP မြန်မာရဲ့ စာရင်းအရ စစ်ကိုင်းတိုင်း (အညာ)ဟာ ဒုတိယအများဆုံး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကိုင်းတိုင်း ထဲမှာပဲ NUG အစိုးရ လက်အောက်ခံ PDF တပ်ရင်းတွေ ဖြစ်တဲ့ ရွှေဘိုခရိုင် ဒီပဲယင်းတပ်ရင်း လေးရင်းလုံးမှာ မောင်းပြန် သေနတ် တလက်မှ မရှိသေးပါဘူး။

ဒီပဲယင်းမြို့နယ် ထဲကို စစ်ကောင်စီတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်နေပြီး ခုခံကာကွယ် တိုက်ခိုက်ဖို့  NUG ကာကွယ်ရေး ဝန်ကြီး ဌာနထံ လက်နက် အကူအညီ တောင်းခံခဲ့ပေမယ့်  အခုထိဘာတုံ့ပြန်မှုမှ မပေးခဲ့ဘူးလို့ တပ်ရင်းတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လက်နက် တပ်ဆင်ရေးနဲ့ပတ်သက်ပြီး အားနည်းချက်တွေရှိတာကို NUG ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ဝန်ခံပြီး ဒီအားနည်းချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

“မှန်ပါတယ် ကျွန်တော်တို့ NUG ဟာ တော်လှန်ရေး အစိုးရတစ်ရပ် ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ထောက်ပံ့မှုကလွဲပြီး တစ်ခြားကနေ ရံပုံငွေ ရှာဖွေနိုင်တဲ့ အနေအထား မရှိသလောက် အနေအထားလို့ ပြောလို့ရပါတယ်။ နောက်တစ်ခုက နိုင်ငံတကာရဲ့ အကူအညီလည်း ထိထိရောက်ရောက် ဘာမှရရှိသေးတာ မရှိပါဘူး။ ဒါကြောင့် ဒီလို အနေအထားမျိုးမှာ ကျွန်တော်တို့ ရသလောက်အကောင်းဆုံး ထောက်ပံ့နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ ဆိုပါတယ်။

နှစ်ပေါင်းများစွာ စနစ်တကျ တည်ဆောက်ထားတဲ့ စစ်တပ်ကိုရင်ဆိုင်ရာမှာ လက်နက်အင်အား၊ ငွေအင်အား၊ တပ်ဖွဲ့ဝင်အင်အားနဲ့ နည်းပညာတို့လိုအပ်မှာဖြစ်ပေမယ့် တော်လှန်ရေးအင်အားစုများ ရင်ဆိုင်နေရတဲ့ စစ်တပ်သည် ဖရိုဖရဲပြိုကွဲနေတဲ့ စစ်တပ်ဖြစ်နေတာက အားသာချက်တစ်ခု ဖြစ်တာကိုလည်း တွေ့မြင်ရပါတယ်။

စစ်တပ်ဟာ တိုင်းပြည်အတွက် ဘာတန်ဖိုးမှမရှိတဲ့ အာဏာရူးတစ်စုကို အကာအကွယ်ပေးနေရပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ချွတ်ချုံကျနေတာကိုလည်း တွေ့မြင်လာနေရပါတယ်။ ဒါ့အပြင် တော်လှန်ရေး တပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီအရာရှိများလည်း ရှိနေပြီဖြစ်ပါတယ်။ စစ်ကောင်စီဘက်သားများဟာ အာဏာရူးတွေကို အကာအကွယ်ပေးနေရတာဖြစ်ပြီး တော်လှန်ရေး အင်အားစုများကတော့ အာဏာရှင်စနစ်နဲ့ အာဏာရူးတွေကို တော်လှန်နေတာကြောင့် လတ်တလောမှာ လက်နက်မရှိသေးပေမယ့် တော်လှန်စိတ်ဓာတ် ပြင်းပြင်းပြပြ ရှိနေတာကတော့ သေချာပါတယ်။

စစ်ကိုင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင်နေစဥ်


အရင်းအနှီးကြီးပေမယ့် အချည်းအနှီး မဖြစ်မယ့်ပွဲ

အာဏာရူးတစ်စုက မဲစာရင်းမှားယွင်းတယ်လို့ အကြောင်းပြ အာဏာသိမ်းခဲ့တာကြောင့် နိုင်ငံအနှံ့ တော်လှန်ရေးတပ်ဖွဲ့ပေါင်း ရာနဲ့ချီ ပေါ်ပေါက်လာခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ အပြစ်မဲ့ပြည်သူပေါင်း ၂,၂၇၃ ယောက်ကို စစ်ကောင်စီ တပ်သားတို့ သတ်ဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ လူပေါင်း ၁၂,၀၀၀ ကျော်ကိုလည်း ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ခုခံ တွန်းလှန်စစ်တွေကြောင့် စစ်ဘေး လွတ်အောင် ထွက်ပြေးရတဲ့ ဒု က္ခသည် အရေအတွက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ ဒုက္ခသည် ၈၆၀,၀၀၀ ကျော်သာ ရှိခဲ့ပေမယ့် ဩဂုတ်လထဲမှာ ၉၇၄,၀၀၀ ရှိလာတယ်လို ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထဲ စစ်ပြေး ဒုက္ခသည်တွေထဲမှာ စစ်ကိုင်းတိုင်းက ၅၂၀,၀၀၀ ကျော် နဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းက ၉၈,၁၀၀ နဲ့ ဒုတိယ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ ကရင်၊ ကယား၊ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်တွေနဲ့ ပဲခူးတိုင်း အရှေ့ပိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့က ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြည်သူတို့ရဲ့ အိုးအိမ်ပေါင်း ၃၀,၀၀၀ နီးပါးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ပြည်သူတွေ ပေးဆပ်ခဲ့ကြရတဲ့ အသက်တွေ၊ ပြည်သူတို့ရဲ့ အိုးအိမ်စည်းစိမ်တွေ၊ စစ်ဘေးရှောင်နေကြရတဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေ၊ ပညာကောင်းကောင်းမသင်နိုင်ဘဲ သေနတ်သံကြား ပြေးလွှားနေကြရတဲ့ကလေးတွေနဲ့ နွေဦးတော်လှန်ရေးဟာ အရင်းအနှီးကြီးမားလှပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ ရန်သူကို အချိန်မပေးလို့ မဖြစ်နိုင်တော့ကြောင်း စက်တင်ဘာ ၇ ရက်မှာ ပြောဆိုထားပါတယ်။ “လာမယ့် တစ်နှစ်အတွင်း တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကိုရယူဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်တယ်ဆိုတာလည်း အသိပေးလိုတယ်။ ငါတို့အားလုံး တစ်သံတည်းညီပြီး တစ်ချီတည်း ရုန်းကြရလိမ့်မယ်” လို့ ဝန်ကြီး ဦးရည်မွန်က PDF  ရဲဘော်တွေကို ပြောပါတယ်။

အခက်အခဲတွေ၊ ပေးဆပ်မှုတွေ ရှိနေပေမယ့် လက်ရှိ ဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေသူတိုင်းရဲ့ ပန်းတိုင်ဟာ စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးပြီး ဒီမိုကရေစီ ထွန်းကားရေး ဖြစ်ပါတယ်။ အဲဒီအတွက် ဘာအခက်အခဲတွေ ရှိနေပါစေ ဆက်လက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်သွားမယ်လို့ တော်လှန်ရေး ရဲဘော်တွေက သစ္စာ ပြုထားကြပါတယ်။

ဒါ့ကြောင့် ဒီပွဲဟာ အရင်းအနှီးကြီးပေမယ့် အချည်းအနှီး မဖြစ်မယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။ ရန်ကုန်တိုင်း ပြည်သူ့ တပ်မဟာအဖွဲ့ တာဝန်ရှိသူ ရိန်းဘိုးကတော့ “နောက်ဆို ကျွန်မတို့ ရဲဘော်တွေ ခံစားခဲ့ရသလို စစ်ကောင်စီဘက်သားတွေ အိပ်ရေးဝအောင် မအိပ်ရဲတဲ့အထိ ဖြစ်လာပါလိမ့်မယ်” လို့ ပြောပါတယ်။ “သေရဲတဲ့ကောင်တွေ ထွက်ခဲ့” လို့ ဆိုခဲ့သူတွေ ထွက်လာရဲမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.