မွန်ပြည်နယ်မှာ အာဏာသိမ်းမှုကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်မှုနှုန်း ဆက်လက် မြင့်တက်လာ

မော်လမြိုင်၊ စက်တင်ဘာ (၁၁)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာနဲ့ မိသားစု စားဝတ်နေရေး အခက်အခဲတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်မှုနှုန်း ဆက်လက် မြင့်တက်လာတယ်လို့ အလုပ်သမား အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်ပထွက် အလုပ်လုပ်ကိုင်မှုနှုန်း မြင့်တက်လာရတာဟာ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ ပြည်တွင်းက စီးပွားရေးလုပ်ငန်း အများစု ရပ်နားလာတာ၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာတာနဲ့ ပြည်တွင်းမှာ လုပ်ခလစာ နည်းနေတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတာပါ။

အလုပ်သမားအရေး အကူအညီနေသူ တစ်ဦးကတော့ ပြည်တွင်းမှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ဝင်ငွေနဲ့ ထွက်ငွေမမျှတာ၊ လူနေမှုစနစ် အကျပ်အတည်းကြောင့် နိုင်ငံခြားထွက်ခွာမှုနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“လုပ်ခ လစာက တက်မလာဘူး၊ လူနေမှု စနစ်ကလည်း အားလုံး သိတဲ့ အတိုင်း ကုန်ဈေးနှုန်းတွေက အဆမတန် တက်လာတယ်နော်၊ စားသောက်နေထိုင် စရိတ်တွေ တက်လာတဲ့ အခါကျတော့ လုပ်ခနဲ့ ဝင်ငွေ မမျှတတဲ့ အကြပ်အတည်းတွေက အများကြီး ဖြစ်လာတာပေါ့၊ ခြုံပြောရရင်တော့ ဒီနေ့ အလုပ်လုပ် နေတယ်ဆိုတာတော့ အလုပ်ရှိမှ အသက်ရှင် ရပ်တည်လို့ ရတဲ့ အဆင့်လောက် ဖြစ်ပြီးတော့ တခြား အနာဂတ် မျှော်လင့်ချက်လို ဟာမျိုးတွေ အခွင့်အလမ်းလို့ ဟာမျိုးတွေ လူငယ်တွေမှာက ဘာမှကို ရေရေရာရာ မရှိတော့ဘူး၊ ဒါကြောင့်မို့လည်း တဖက်က ဘာဖြစ်လာလည်း ဆိုတော့ နယ်စပ်တွေ ဖြတ်ကျော်ပြီးတော့ တခြား နိုင်ငံ ရပ်ခြားကို အလုပ်ထွက်လုပ်မယ့် ကိစ္စမျိုးတွေ အများကြီး ဖြစ်လာတယ်၊ နည်းလမ်း အမျိုးမျိုးနဲ့တော့ ထွက်နေတယ်”လို့ ဆိုပါတယ်။

အလုပ်သမားအေဂျင်စီတွေနဲ့ အလုပ်သမားအရေးကူညီနေတဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ပထွက် အလုပ်လုပ်ကိုင်သူ အနည်းဆုံး ၄ သိန်းထက်မနည်း ရှိနေတာ ဖြစ်ပြီး ဆက်လက်ထွက်ခွာဖို့ လျှောက်ထားသူ သိန်းနဲ့ချီ နေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ အသက် (၁၈)နှစ်မှ (၂၅)နှစ် အတွင်း လူငယ် အများစု ပါဝင်ပြီး ပြည်ပ ထွက်ခွာတဲ့ လူငယ် (၁၀၀) ရာခိုင်နှုန်းမှာ (၁၀) ရာခိုင်နှုန်း လောက်သာ တရားဝင် သွားရောက်ကြတာ ဖြစ်ပြီး ကျန်တဲ့ (၉၀)ရာခိုင်နှုန်းကတော့ တရားမဝင် လမ်းကြောင်းတွေက တဆင့် သွားရောက်နေကြတာပါ။

ပြည်ပထွက် အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာတာကြောင့် ပြည်တွင်းမှာ အလုပ်သမား ရှားပါးမှု အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ရွာတွေမှာ လူတွေ မရှိတော့ဘူးလေ၊ လူတွေ မရှိတော့ဘူး ဆိုတာက ယိုးဒယား တက်တယ်၊ ဘန်ကောက် ထွက်တယ်၊ ထိုင်းဘက်ကို ကူးတာက လူများတယ်၊ နောက်ပြီးတော့ နိုင်ငံခြား ထွက်တဲ့ လူများတယ်၊ မိန်းကလေးရော ယောကျ်ားလေးရော သွားကြတယ်ဆိုတော့ နယ်တွေမှာ ဘယ်လိုဖြစ်လည်း ဆိုရင် အဖွားကြီးအိုနဲ့ ကလေးတွေနဲ့ လူလတ်ပိုင်း တွေနဲ့ အဲ့လောက်တွေပဲ ကျန်ကြတယ်၊ မရှိကြတော့ဘူး ဆိုတော့ လုပ်သားတွေက ရှားသွားတာပေါ့နော်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လူငယ် အများစုဟာ ပြည်ပ နိုင်ငံတွေကို ထွက်ခွာတဲ့ နေရာမှာ တရားမဝင် လမ်းကြောင်းတွေကို အဓိကထား သွားလာနေကြတာကြောင့် နယ်စပ်တွေမှာ နေ့စဉ်နီးပါး ဖမ်းဆီးခံရတာတွေ ရှိသလို မတရား လူကုန်ကူး ခံရမှုတွေလည်း ရှိလာတယ်လို့ အလုပ်သမား အရေး ကူညီ နေသူတွေက ဆိုကြပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်ခေါင်းစာရင်းအရ မြန်မာနိုင်ငံမှာ ပြည်ပထွက်ပြီး သွားရောက် အလုပ်လုပ်ကိုင်သူ ၁ ဒသမ ၆ သန်းကျော် ရှိနေတာတာပါ။

အဲဒီထဲမှာတော့ အများစုက ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေတာ ဖြစ်ပြီး စင်္ကာပူ၊ ဂျပန်၊ ကိုရီယား အပါအဝင် တခြားနိုင်ငံတွေကလည်း ထွက်ခွာတာတွေ ရှိနေတာပါ။

လူဦးရေ ၂ သန်းကျော် ရှိတဲ့ မွန်ပြည်နယ်မှာတော့ ပြည်ပထွက် အလုပ်လုပ်ကိုင်သူ ၅ သိန်းထက်မနည်း ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.