မော်လမြိုင်၊ စက်တင်ဘာ (၇)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် ဒီနေ့ ရုံးချိန်းမှာ တရားလိုပြ သက်သေ ၃ ဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ် အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးခဲ့တယ်ဆိုပြီး စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ခဲ့တာပါ။

ဒီအမှုအတွက် စက်တင်ဘာ ၆ ရက်နေ့မှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒီရုံးချိန်းမှာတော့ စစ်ကောင်စီရဲ့ တရားလိုဖြစ်တဲ့ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော် အပါအဝင် တရားလိုပြ သက်သေ ၃ ဦးကို စစ်ဆေးခဲ့တာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့ ဒီအမှုတွေဟာ တရားစွဲ အဖွဲ့အစည်း ခွင့်ပြုမိန့် မပါတာကြောင့် ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာ ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ကနေ အမှုတစ်ခုလုံးကို ချေဖျက်ကြောင်း အမိန့်ချမှတ်ပြီးနောက် စစ်ကောင်စီဘက်က ပြန်လည် ပြင်ဆင်ချက် လျှောက်ထားပြီး ထပ်မံတရားစွဲဆိုခဲ့တာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၁၃၀(က)အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.